mdn

မန္တလေး ၂၅ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အသက်(၆၀)နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ တစ်သောင်းခွဲနီးပါးရှိပြီး ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာရောက် မဲမပေးနိုင်သူများအား နေအိမ်တွင်မဲပေးနိုင်ရေး မြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌ ဦးကျော်သန်းထံမှ သိရသည်။

 

ပြည်ကြီးတံခွန်မြို့နယ်မှာ အသက်(၆၀)နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ တစ်သောင်းခွဲနီးပါး ရှိပါတယ်၊ အသက်(၆၀)နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးရမည့်ရက်က အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ရက်အထိပါ၊ ရပ်/ကျေးကော်မရှင်တွေကနေတစ်ဆင့် ကြိုတင်ဆန္ဒမဲပေးနိုင်အောင် ကြေညာပေးသွားမှာပါ၊ ကြိုတင်ဆန္ဒမဲက ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ပေးရမှာပါ၊ ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာရောက် မဲမပေးနိုင်တဲ့ အသက်(၆၀)နှင့်အထက် သက်ကြီးရွယ်အိုများကို နေအိမ်မှာ ကြိုတင်ဆန္ဒမဲပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမှာပါဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဋ္ဌ ဦးကျော်သန်းက ပြောသည်။

 

ပြည်ကြီးတံခွန်မြို့နယ်အတွက် ဆန္ဒမဲလက်မှတ်များ ရောက်ရှိနေပြီဖြစ်ပြီး သက်ဆိုင်ရာ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများကို ကြိုတင်ဆန္ဒမဲလက်မှတ်များ စနစ်တကျ ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကာ အောက်တိုဘာ ၂၉ ရက်မတိုင်မီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေအရ Stay At Home မြို့နယ်အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များနှင့် လူဦးရေထူထပ်သော မြို့နယ်များ (တစ်စတုရန်းကီလိုမီတာတွင် ပျှမ်းမျှလူဦးရေ ၅၀၀၀ နှင့်အထက်) တွင် နေထိုင်သော မြို့နယ်များတွင် အသက် ၆၀ နှင့်အထက် ရှိသူများအား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ သိရပြီး မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်သည် တစ်စတုရန်းကီလိုမီတာတွင် ပျှမ်းမျှလူဦးရေ ၅၀၀၀ နှင့်အထက် နေထိုင်သည့်မြို့နယ်တွင် ပါဝင်ကာ အသက် ၆၀ နှင့်အထက် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲရုံပေါင်း (၇၁)ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း တစ်သိန်းကိုးသောင်းကျော်ရှိကာ  အသက်(၆၀)နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ တစ်သောင်းခွဲနီးပါးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)