နေပြည်တော်၊ ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့အား ငွေကျပ် ၇ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက် ညနေ ၅ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၃ လမ်း၊ ၁၄၂ x ၁၄၃ လမ်းကြားတွင် မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းနေစဉ် ရောက်ရှိလာသူ ဇော်မင်းနိုင်နှင့် ဇင်ကိုကိုလွင် တို့နှစ်ဦးအား LIGHT TRUCK ယာဉ် တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူ ၁၁ ကီလိုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက် ဖော်ထုတ်ချက်အရ ဘိန်းဖြူများ အရောင်းအဝယ်ပြုလုပ်ရာတွင် ၁၀ ရာခိုင်နှုန်း အကျိုးဆောင်ခဖြင့် ပွဲစားပြုလုပ်ပေးသူ မကျော့ကေခိုင် (ခ) နန်းမွေလျန်းအား ပြည်ကြီးတံခွန်မြို့နယ်၊ ၇၈ လမ်းနှင့် ၁၁၅ လမ်း ထောင့်တွင်လည်းကောင်း၊ ပူးပေါင်းပါဝင်သူများ ဖြစ်သည့် အိုက်စိုင်း အား ၇၂ (A) လမ်း၊ ၁၁၇ x ၁၁၈ လမ်းကြားတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ နှင့် လည်းကောင်း၊ ခွန်မြတ် (ခ) နောနော်နှင့် စိုင်းသိန်းမြတ် (ခ) စိုင်းလေး တို့အား ၁၅၁ လမ်း၊ ၇၁ (A) လမ်းထောင့်တွင် PRADO မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့၏ဖော်ထုတ်ချက်များအရ ဘိန်းဖြူများ ရောင်းချခိုင်းသူ စိုင်းအိုက်ယုံ အား ၁၁၂(B)၊ ၅၀ x ၅၁ လမ်းကြားရှိ နေအိမ်၌ ဘိန်းဆီခဲ ၂၅ ဂရမ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ၆၁ လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားရှိ ဂိုဒေါင်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း။
စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းနေ အိုက်ပေါင်း၏ အစီအမံဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်း၊ ၁၂၄ x ၁၂၅ လမ်းကြားရှိ ဂိုဒေါင်ကို ငှားရမ်း၍ ကိုအောင်အား မူးယစ်ဆေးဝါးများ ထိန်းသိမ်းထားစေကြောင်း၊ စိုင်းမွန်း (ခ) စိုင်းမွန်လောဝ်နှင့် စိုက်အိုက်ယုံတို့မှ မကျော့ကေခိုင်(ခ) နန်းမွေလျန် အား ပွဲစားခ ၁၀ % ပေး၍ မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အိုက်စိုင်း၊ ခွန်မြတ်(ခ)နောနော် နှင့် စိုင်းသိန်းမြတ်(ခ)စိုင်းလေး တို့သည် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းရငွေများအား အဆင့်ဆင့် လွှဲပြောင်းလက်ခံယူသူများဖြစ်ကြောင်း သိရှိရပြီး စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၆ ဒသမ ၉၄၂ သိန်းနှင့် ဘိန်းဆီခဲ ၂၅ ဂရမ်တို့ကို မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ် သုံးစီး၊ ဆိုင်ကယ် တစ်စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်း အဖွဲ့ဝင်များကို ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်