မန္တလေး   ၁၂   မေ

 

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား ခုဝယ်ခုတပ် အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်ရှိ ထိန်ကုန်းဈေးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးလရော် ကြီးကြပ်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုး ဦးဆောင်သော မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့၊မြို့နယ်စည်ပင်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်းရှိ ဈေးများနှင့် လမ်းမပေါ်တွင် နှာခေါင်းစည်း(Mask) မတပ်ဆင်သူများအား ခုဝယ်ခုတပ် အစီအစဉ်ဖြင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပူးပေါင်းအဖွဲ့သည် မေ ၁၁ ရက် က (ဃ)ရပ်ကွက်ရှိ ရန်အောင်ဈေးနှင့် ဈေးရှေ့လမ်းတွင် နှာခေါင်းစည်း(Mask) မတပ်ဆင်သူ(၁၆၀)ဦးနှင့် မေ ၁၂ ရက် နံနက်ပိုင်းတွင် ထိန်ကုန်းဈေးနှင့်ဈေးရှေ့လမ်းတွင် နှာခေါင်းစည်း(Mask) မတပ်ဆင်သူ(၄၆)ဦး တို့အား Mask(၂)ခု လျှင် ငွေကျပ်တစ်ထောင်ဖြင့် (Mask) များ စနစ်တကျလုံခြုံစွာ ဝယ်ယူတပ်ဆင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် မေ ၉ ရက်နေ့မှ စတင်၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားရောက်ရာတွင် နှာခေါင်းစည်း (Mask) မှ စနစ်တကျတပ်ဆင် သွားလာကြရန်၊ နှာခေါင်းစည်း(Mask) စနစ်တကျလုံခြုံစွာ တပ်ဆင်လာခြင်း မရှိသူများအား မေ ၉  ရက်နေ့မှ မေ ၁၅  ရက်နေ့အထိ အသိပညာပေးကာလအဖြစ်သတ်မှတ်ပြီး ပညာပေးကာလအတွင်း Mask(၂)ခုကို ငွေကျပ် တစ်ထောင်ဖြင့်လည်းကောင်း၊ မေ ၁၅ ရက်နေ့ အသိပညာပေးကာလနောက်ပိုင်းတွင် Mask (၂) ခုကို ငွေကျပ်ငါးထောင်ဖြင့် လည်းကောင်း ဝယ်ယူတပ်ဆင်ခြင်းဆောင်ရွက်ရမည်ဖြစ်ပြီး Mask စနစ်တကျ လုံခြုံစွာ တပ်ဆင်သွားလာခြင်းအား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မေ ၈ ရက် တွင် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)