ပြည်ကြီးတံခွန် ၂၅ နိုဝင်ဘာ
ပြည်ကြီးတံခွန်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ မှ ကြီးမှူးကျင်းပသော နှစ်(၃၀) မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ရှိ အ.ထ.က (၂၇)ကျောင်းခန်းမ တွင် နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီ ခွဲ က ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/သူကလေးများက “စည်းလုံးခြင်းသည်အင်အား” သီချင်းဖြင့် သီဆို ဖွင့်လှစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်နှင့် ပြည်ကြီးတံခွန် မြို့နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော်တို့က အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ကြီးတံခွန်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်အေးမော်က ကလေးသူငယ်အခွင့်အရေးများအကြောင်း ရှင်းလင်း ပြောကြားသည်။ ၎င်းနောက် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စာပေ၊အနုပညာနှင့် အားကစား ကဏ္ဍများတွင် ထူးချွန်သော ကလေးများအား ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများက ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ကလေးငယ်များက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ World Vision Myanmar မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


