ရန်ကုန် ဒီဇင်ဘာ ၁၆
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီ တွင် ကမာရွတ်မြို့နယ် လှည်းတန်းခုံးကျော်တံတားနှင့် ဟံသာဝတီအဝိုင်းအကြား ပြည်လမ်းတစ်လျှောက် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်နေသည့် အလျားပေ ၃၅၀၀ ၊ အနံ ၇၂ ပေ၊ ထု ၂ လက်မ ကတ္တရာကွန်ကရိ (AC) ခင်း ကျင်းပြီးစီးမှုနှင့် Road Marking ယာဉ်ကြောပြမျဉ်း ရေးဆွဲထားရှိမှု၊ ပြည်လမ်း ပညာရေးတက္ကသိုလ်ရှေ့ ပြိုလဲနေသည့် နှစ်ရှည်ကုက္ကိုပင်ကို မြို့ပြရှုခင်းလှပစေရေးအတွက် ပြန်လည် စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဆောင်ရွက်ပေးသည်။
ထိုမှတဆင့် မြို့တော်ဝန်သည် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)၊ မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနများမှ အင်းလျားကန်ပေါင် စိမ်းလန်း စိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အင်းလျားရေမြောင်းနှင့် ကမာရွတ်ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များ၊ သဲမြေများအား Excavator ယန္တရား ယာဉ်ဖြင့် ဆယ်ယူရှင်းလင်းဆောင်ရွက်နေမှုနှင့် လူသွားစင်္ကြံဘေး မြက်ပင်များ ရှင်းလင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း ရန်ကုန်မြို့တော်ခန်းမအတွင်း အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဆောင်ရွက်နေသော အလျား ပေ ၇၀ ၊ အနံ ၃၃ ပေ၊ အနက် ၇ ပေရှိ ရေဂါလံ (၁)သိန်းဆန့် ရေစုကန် RC Ground Tank တည်ဆောက်နေမှု လုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားဆောင်ရွက်ပေးသည်။
(သတင်းစဉ်)