ပြည် ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်း၌ ခေတ္တရာညဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီက အဆိုပါ ညဈေးမုခ်ဦး၌ ကျင်းပသည်။
ပြည်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးဌေးဝင်း၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် ပြည်မြို့စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင်ဦးတို့က ညဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်မြို့အတွင်း ယခင်ကညဈေး တစ်ခုရှိခဲ့သော်လည်း ယင်းနေရာသည် မြို့လယ်ကောင်ဖြစ်နေ၍ လမ်းပိတ်ဆို့မှုများနှင့် မြို့ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ နေရာကျပ်လာကြောင်း၊ ပြည်မြို့ ကမ်းနားလမ်းတွင် River View နေရာရှိနေသည့်အတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ ယခုခေတ္တရာ ညဈေးအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်ညဈေးမှ ဈေးသည်များကို ဦးစားပေးနေရာချထားပေးကာ ယခုလက်ရှိတွင် ဈေးဆိုင်ပေါင်း ၁၀၀ ကျော်ဖြင့် ပထမပိုင်းအနေဖြင့် စတင်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ဈေးဆိုင်နေရာများ ထပ်မံတိုးချဲ့ ဖော်ဆောင်မည်ဖြစ်ကာ ယင်းဆောင်ရွက်ခြင်းကို ယခုနှစ် မိုးရာသီမတိုင်မီအပြီး ဆက်လက်တင်ပြ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးထင်အောင်ဦး က ပြောသည်။
ကိုဆက်(ပြန်/ဆက်)