ပြည် မတ် ၂၉
နဝမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို မတ် ၂၈ ရက် မွန်းလွဲပိုင်းက ပြည်မြို့၊ ဝင်္ဂဘာတောရ စာသင်တိုက်၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ပြည်မြို့ ဝင်္ဂဘာတောရ စာသင်တိုက် ဦးစီးပဓာနနာယက မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသြဘာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပြည်မြို့၊ ဇောတိကာရုံ ပါဠိတက္ကသိုလ် မှ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလက အဖွင့်သြဝါဒကထာ မြွက်ကြားပြီး ဝန်ကြီးချုပ်က သာသနာ ရေးဆိုင်ရာများ ဖတ်ကြားလျှောက်ထားသည်။
ယင်းနောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း ၅၀၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ အလှူငွေကျပ် ၁၀ သိန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အလှူငွေကျပ် ၁၀ သိန်းတို့ကို ဘဏ္ဍာငွေ ရှာဖွေရေးနှင့် အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌထံ ပေးအပ် လှူဒါန်းကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့တွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် စာအောင် သံဃာတော်များနှင့် သီလရှင်များအား အဆောင်အယောင်နှင့် ဘွဲ့တံဆိပ်တော်များ ချီးကျူးဂုဏ်ပြု ဆက်ကပ်ကြပြီး ဂိုဏ်းပေါင်းစုံ စူဠဘွဲ့နှင်းသဘင်ဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တသြဘာသ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ပြည်မြို့ ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ၌ သာသနဓဇဓမ္မာစရိယ ကိုးပါး၊ ဝိနယဝိဒူ ငါးပါး၊ ဒီဃနိကာယဝိဒူ တစ်ပါး၊ ပထမကြီးအောင် ၁၃ ပါး၊ ပထမလတ်အောင် ၁၀ ပါး၊ ပထမ ငယ်အောင် ၂၀ ပါး၊ အခြေပြုမူလတန်း အောင် အပါး ၉၀၊ အဘိဓမ္မာ(ဂုဏ်ထူးဆောင်) တိုင်းအဆင့်ထူးချွန် တစ်ဦး၊ အဘိဓမ္မာ(ဝိသုဒ္ဓိမဂ်) တိုင်းအဆင့် ထူးချွန် တစ်ဦး၊ အဘိဓမ္မာ (ဂုဏ်ထူး ဆောင်) မြို့နယ်အဆင့်ထူးချွန် သုံးဦး၊ (အဘိဓမ္မာရိုးရိုး) မြို့နယ်အဆင့် ထူးချွန် တစ်ဦး၊ အဘိဓမ္မာရိုးရိုး သုံးဆင့်အောင် တစ်ဦး၊ အဘိဓမ္မာရိုးရိုးနှစ်ဆင့်အောင် နှစ်ဦး၊ အဘိဓမ္မာရိုးရိုး တစ်ဆင့်အောင် ၁၉ ဦး၊ ဂုဏ်ထူးဆောင်တစ်ဆင့်အောင် ခုနစ်ဦးနှင့် ဝိသုဒ္ဓိမဂ်နှစ်ဆင့်အောင် တစ်ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်း၌ ပြည်မြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဆံတော်စေတီတော်မြတ်အား သွားရောက်ဖူးမြော်ခဲ့ပြီး စေတီတော် ဘက်စုံပြုပြင် မွမ်းမံနိုင်ရေး အလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


