ပြည်မြို့နယ်တွင် ကထိန်အလှူမှကျွေးသောအစား စားပြီး လူ(၆ဝ)ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

ပြည် ၁၆ အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်တွင် ကထိန်အလှူမှကျွေးသည့် ဒံပေါက်ထမင်းနှင့် ရေခဲမုန့်များ စားသောက်ပြီး အစာအဆိပ်သင့်မှုလူ(၆ဝ)ကျော်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဝက်ထီးကန်တိုက်နယ်၊ နှောကန်အုပ်စု၊ နှောကန်ရပ်ကွက်ရှိ မာတုကာရုံ ကျောင်းတိုက်တွင် အောက်တိုဘာ (၁၄)ရက်နေ့ နံနက်(၁ဝ)နာရီခွဲခန့်အချိန်ကပြုလုပ်သည့် ကထိန်အလှူပွဲ၌ ဒံပေါက်ထမင်းနှင့်အချဉ်သုပ်၊ ရေခဲမုန့်တို့ကို ကျွေးမွေး ဧည့်ခံခဲ့သည်။ အလှူသို့ လာရောက်ကြသူများအနေဖြင့် နောက်တစ်ရက် နံနက်ပိုင်းအချိန် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြပြီး ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်းနှင့် ကိုယ်လက်များ လေးလံခြင်းတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

''ဘယ်လိုဖြစ်တာလဲဆိုတော့ ကျွန်တော်တို့လုပ်တဲ့ကိုင်တဲ့လူတွေအားလုံး သိမ်းဆည်းပြီးတော့ (၁၁)နာရီ လောက်မှာ စားတယ်။ အဲဒါနဲ့ ညပိုင်းရောက်တော့ တစ်ယောက်ကဗိုက်အောင့်တယ်ဆိုပြီးကြားတာပဲ။ နောက်တော့ အလှူမှာ လာစားတဲ့သူတွေ ပျို့တာ၊အန်တာ၊ ဗိုက်နာတာ၊ ဝမ်းသွားတာတွေဖြစ်ကုန်တော့တာပဲ၊ စားတာကတော့ အလှူကကျွေးတဲ့ ဒံပေါက်နဲ့ ကြက်သားပေါ့၊ ရေခဲမုန့်ကတော့ မစားတဲ့လူလည်းရှိတယ်၊ စားတဲ့လူလည်းရှိတယ။ လက်ရှိဖြစ်နေတာကတော့ အန်တယ်၊ အောက်ပိုင်းတွေ သိပ်ပြီးမဆွဲချင်တော့ဘူး ဖြစ်လာတယ်၊ ဝမ်းသွားတာတွေများတယ်'' ဟု နှောကန်ရပ်ကွက်မှ ရာအိမ်မှူး ဦးမောင်မောင် ကပြောသည်။

အဆိုပါ အစာအဆိပ်သင့်မှုကြောင့် နှောကန်ရပ်ကွက်အတွင်းမှ လူဦးရေ(၆ဝ)ကျော်ခန့် ဖြစ်ပွား နေပြီး ယင်းဒေသ အနီးတစ်ဝိုက်မှ အလှူသို့လာရောက်စားသုံးသည့် ကွက်သစ်(၂)ရပ်ကွက်မှလူများလည်း ဖြစ်ပွားနေကြောင်း အောက်တိုဘာလ (၁၅)ရက်နေ့ ညနေပိုင်းအချိန်ထိ နှောကန်ရပ်ကွက်မှ အစာအဆိပ် သင့်လူနာ(၁၄)ဦး ဝက်ထီးကန် တိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူနေရကြောင်း သိရသည်။ လတ်တလောအခြေအနေအား ပြည်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ကေခိုင်ဝင်း နှင့် ကျန်းမာရေးဝန်ထမ်းများမှ ယာယီဆေးခန်းဖွင့်လှစ်၍ ကုသမှုများ ပြုလုပ်ပေးလျက်ရှိနေသည်။

''အခုဖြစ်တာက မနေ့ကအလှူကကျွေးတဲ့ ဒံပေါက်တွေစားပြီး အစာအဆိပ်သင့်ဖြစ်တဲ့ လူများတာနဲ့ ဆေးခန်းလာဖွင့်ပေးတာပါ စောင့်ကြည့်ဖို့လိုတဲ့ လူရှိသလို ဆေးရုံပို့ဖို့လိုအပ်တဲ့လူတွေကို ဆေးရုံပို့ထားပါတယ်။ ပြင်ပလူနာတွေအနေနဲ့ကတော့ ဒီမှာဆေးခန်းဖွင့် ကုသပေးနေပါတယ်။ အရမ်းစိုးရိမ်ရတဲ့ လူနာတော့မရှိပါဘူး'' ဟု ဒေါက်တာ ကေခိုင်ဝင်း က ပြောကြားသည်။

ကိုလွင်(ဆွာ)