ပြည် ၂၉ မတ်
ပြည်မြို့နယ်တွင် ပြည်ပမှ ပြန်ရောက်လာသူများအား COVID-19 စောင့်ကြည့်ရေးအတွက် သူနာပြု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသော စောင့်ကြည့်ရေးစခန်းသို့ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦး လာရောက်ကြည့်ရှုခဲ့ပြီး စောင့်ကြည့်ရေးစခန်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ ဦးကျော်ဇေယျတို့နှင့် တွေ့ဆုံခဲ့ကာ COVID-19 စောင့်ကြည့်ရေးစခန်းအတွက် အလှူငွေ ပေးအပ်လှူဒါန်းခဲ့ပြီး စခန်း၏ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက်ဝန်ကြီးနှင့်အဖွဲ့သည် စောင့်ကြည့်သူများအတွက် ပြုလုပ်ထားသည့် တိုးချဲ့အဆောင်အား သွားရောက်ကြည့်ရှု့ခဲ့ပြီး ပြည်မြို့ခုတင် ၅၀၀ ဆေးရုံကြီးသို့ သွားရောက်ကာ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင်နှင့် တွေ့ဆုံ၍ COVID-19 နှင့်ပတ်သက်၍ ပြင်ဆင်ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဆက်လက်၍ဝန်ကြီးနှင့်အဖွဲ့သည် ဝက်ထီးကန် (အ . ထ . က) ကျောင်းတွင် ဖွင့်လှစ်ထားရှိသော COVID-19 စောင့်ကြည့်ရေးစခန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ စခန်း၏အခြေအနေနှင့် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ပြည်မြို့နယ်တွင် မတ် ၂၆ ရက်ကစတင်၍ Facility Quarantine (၄) နေရာ ဖွင့်လှစ်ထားရှိပြီး မတ် ၂၈ရက် ည ၁၀ နာရီအထိ စာရင်းအရ သူနာပြုသင်တန်းကျောင်း (ပြည်မြို့) တွင် ၆၄ ဦး၊ အခြေခံပညာ အထက်တန်းကျောင်း (ဝက်ထီးကန်) တွင် ၅၈ ဦး၊ အခြေခံ ပညာအထက်တန်းကျောင်း (ပေါင်းတည်) တွင် ၄၅ ဦးနှင့် အခြေခံပညာ အထက်တန်းကျောင်း (လယ်ဘဲ့) တွင် ၃၈ ဦး စုစုပေါင်း ၂၀၅ ဦးရှိကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် စောင့်ကြည့်စခန်းများ၌ အဆိုပါရောဂါပိုးတွေ့ရှိသူ မရှိသေးကြောင်း သိရပြီး အဆိုပါ Facility Quarantine ဖွင့်လှစ်ထားသော နေရာများအတွက် ပြည်မြို့ရှိ အလှူရှင်ပြည်သူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက အစားအသောက်များ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


