နေပြည်တော် နိုဝင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံမြို့၌ ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုတို့နှင့်အတူ ယမန်နေ့က ပြည်နယ် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက် ရာတွင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ စနစ်တကျ မှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင် ဝန်ထမ်းများအနေဖြင့် ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ဝန်ထမ်းများက လုပ်ငန်း တာဝန်ထမ်းဆောင်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ တာဝန်ရှိသူများနှင့်အတူ  မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ ရောက်ရှိပြီး ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရုံး၌  ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဉပဒေ၊ နည်းဉပဒေနှင့်အညီ ဆောင်ရွက်ရေးနှင့်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက် များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာရှိ ပြည်နယ် တိုင်းရင်း သားယဉ်ကျေးမှုဗဟိုဌာန (Ethnic Cultural Center)  သို့ သွားရောက်၍ အဝင်မုခ်ဦး၊ လေးထပ် မျှော်စင်၊ ဝန်ထမ်းအိမ်ရာ၊ ဝင်းခြံစည်းရိုး၊ ယဉ်ကျေးမှုပြတိုက် အဆောက်အဦနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

အဆိုပါ တိုင်းရင်းသားယဉ်ကျေးမှုဗဟိုစင်တာသည် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ဗမာ၊ ပအိုဝ်းနှင့် ကရင် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာများကို တစ်နေရာတည်းတွင် အလွယ်တကူ ဝင်ရောက် လေ့လာနိုင်ရန်နှင့် ပြည်နယ်ဂုဏ်ဆောင် ပြယုဂ်တစ်ခုဖြစ်လာနိုင်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)