၅ မေ
တောင်စဉ်တောင်တန်းများကို တောင်ခိုးတောင်ငွေ့ တဝေဝေဖြင့် ရှုမောဖွယ်တွေ့မြင်နိုင်သော ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၆၁၀၉၀ ကျယ်ဝန်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များထဲတွင် အကြီးဆုံးပြည်နယ်ကြီးတစ်ခုဖြစ်သည်။
တောင်တန်းများကြောင့် မြေမျက်နှာပြင်သည် လှိုင်းအသွင် နိမ့်တုံမြင့်တုံဖြင့် တစ်မျိုး ဆန်းသစ်နေပေသည်။ ထိုကဲ့သို့ တောင်စဉ်တောင်တန်းများကြောင့် ရှမ်းကုန်းမြေမြင့်ဟုခေါ်ဆိုကြသေးသည်။
ရှမ်းတောင်တန်းများသည် နီးကပ်စွာ တည်ရှိမနေဘဲ တောင်တန်းတစ်ခုနှင့်တစ်ခုအကြားတွင်မြေပြန့်မြေပြင်ကျယ်များတည်ရှိပြီး ထိုမြေပြန့်များတွင် မြို့ရွာများ တည်ထောင် နေထိုင်ကြသည်။ ရှမ်းပြည်နယ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေးခု၊ ခရိုင်၁၃ ခု၊ မြို့နယ် ၅၅ မြို့နယ်၊ မြို့ ၈၆ မြို့၊ ရပ်ကွက်ပေါင်း ၅၃၁ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၁၅၄၅ အုပ်စု၊ ကျေးရွာပေါင်း ၁၃၄၆၉ ရွာဖြင့် ဖွဲ့စည်း တည်ရှိပြီး လူဦးရေ ၅၈ သိန်းကျော် မှီတင်း နေထိုင်လျက်ရှိသည်။
ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်နယ်ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လယ်ယာကဏ္ဍအဆင့်မြှင့်တင်နိုင်ရေး၊ လမ်း၊ တံတားများ တည်ဆောက်ပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စသည့်လုပ်ငန်းများကို ဟန်ချက်ညီ ဖွံ့ဖြိုးရန်အတွက်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်နယ်၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်နှစ်စဉ်စီမံကိန်းရည်မှန်းချက် စုစုပေါင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက် ဈေးနှုန်းများအရ ငွေကျပ် ၆၁၈၅၃၉ ဒသမ ၂ သန်း အကောင်အထည်ဖော်ရန်နှင့် ပုံမှန်ဈေးနှုန်းများအရ ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန်ပြည်နယ်အစိုးရအနေဖြင့် ရည်မှန်းဆောင်ရွက်ခဲ့သည်။ “ရှမ်းပြည်နယ်ရဲ့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်နှစ်စဉ် စီမံကိန်းရည်မှန်းချက် စုစုပေါင်း ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက် ဈေးနှုန်း တွေအရ ငွေကျပ် ၁၉၂၉၅၈၄ ဒသမ ၆ သန်း အကောင်အထည်ဖော်ဖို့နဲ့ ပုံမှန်ဈေးနှုန်းတွေအရ ၅ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရည်မှန်းခဲ့ပြီး စက်တင် ဘာလကုန်အထိ ငွေကျပ် ၂၀ဝ၇၃၅၆ ဒသမ ၄ သန်း ရရှိခဲ့တဲ့အတွက် စီမံကိန်းရည်မှန်း ချက်အပေါ် ၁၀၄ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ပုံမှန်ဈေးနှုန်းတွေအရ ၇ ဒသမ ၈ ရာခိုင် နှုန်း တိုးတက်ခဲ့ပါတယ်” ဟု ပြည်နယ်အစိုးရ၏ စီမံကိန်းချမှတ် အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးရေးပြည်နယ်အစိုးရအနေဖြင့် ၄င်းတို့ တာဝန်ယူဆောင်ရွက်ခဲ့သည့် သုံးနှစ်တာကာလအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ခဲ့ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှတောင်သူ ၁၃၀ဝဝဝ ကျော်အတွက် ချေးငွေငွေကျပ် သန်းပေါင်း ၇၅၀ဝဝ ကျော် ထုတ်ချေး ပေးနိုင်ခဲ့သည်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးချေးငွေအစီအစဉ်ဖြင့် လယ်သာသုံး စက်ကိရိယာ အစီးရေ ၁၄၉ စီး၊ ချေးငွေပမာဏ ငွေကျပ်သန်းပေါင်း ၆၀ဝဝ ကျော် ထုတ်ချေးပေး နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တောင်သူလယ်သမားများ ဝင်ငွေပိုမိုတိုးတက်ရရှိရေးရည်ရွယ်၍ ကုန်းမြင့်ဒေသ လယ်ယာမြေဖော်ထုတ်ရေး စီမံကိန်းများကို(၃)နှစ်တာကာလအတွင်း ဟိုပုံးမြို့နယ် လဲသက်ကျေးရွာအုပ်စု ညောင်လေးခွကျေးရွာနှင့် ထီဗွာကျေးရွာ၊ ကျိုင်းတုံမြို့နယ် လွယ်မွေကျေးရွာအုပ်စုနောင်လုံကျေးရွာနှင့် နောင်ချိုကျေးရွာ၊ ကွတ်ခိုင်မြို့နယ် လွယ်ခမ်းကျေးရွာအုပ်စု ပန်တာကျေးရွာ တို့တွင် စုစုပေါင်းဧက ၆၀ဝ ကို ဖော်ထုတ်ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ပြင် ပြန်လည်စွန့်လွှတ်မြေ ဧရိယာ စုစုပေါင်း ၃၀၈၃၁ ဒသမ ၆၈၈ ဧကအနက် ၂၉၅၇၂ ဒသမ ၅၇၆ ဧကကို တောင်သူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ခဲ့ပြီး လွှဲပြောင်းရန် ကျန်ရှိသော ဧရိယာ ၁၂၁၈ ဒသမ ၁၇၂ ဧကကိုတောင်သူများလက်ဝယ် အမြန်ပြန်လည်ပေးအပ်နိုင်ရေးအတွက် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်။ မြေပြင်စိစစ် လျော့နည်းဧရိယာမှာ ၄၀ ဒသမ ၉၄ ဧက ဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့မှ သိရှိရသည်။
ရေတိုက်စားမှုကာကွယ်ရေးပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုး သီးနှံများ တိုးတက်အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေများသို့ ရေပေးဝေရေးနှင့် သဘာဝဘေးအ္တရာယ်ဖြစ်သော ရေကြီး ရေလျှံမှုများ ကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။
တာတမံများ တည်ဆောက်ခြင်း၊ ရေနုတ်မြောင်းများဖောက်လုပ်ခြင်း၊ ရေလှောင်တမံများ ဆောက်လုပ်ခြင်း၊ စိမ့်စမ်းရေသွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြေအောက်ရေတူးဖော်ခြင်းနှင့် ရေတံခါးဆောက် လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုကြောင့်(၃)နှစ်တာကာလအတွင်း စိုက်ပျိုးဧရိယာဧက ၁၈၉၇၄၀ ကို အကျိုးဖြစ်ထွန်းခဲ့သည်။
ရေခက်ခဲရှားပါးသော ဒေသများတွင် ရေရရှိရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၁၇ ရွာရှိ လူဦးရေ ၁၉၂၂၅ ဦးအတွက် စက်ရေတွင်းများ တူးဖော်သွားမည်ဖြစ်သည်။
မွေးမြူထုတ်လုပ်မှုကဏ္ဍရှမ်းပြည်နယ်တွင် ဒေသတွင်းစားသုံးမှုဖူလုံရေးအတွက် အသားကဏ္ဍ မွေးမြူထုတ်လုပ်မှုကို အလေးထားဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချ ရေးအစီအစဉ်အရ မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးကျေးရွာများ ထူထောင်၍ မွေးမြူရေး တိရိစ္ဆာန်များ ဖြန့်ဖြူးပေးလျက်ရှိသည်။
ထို့ပြင် မူဆယ်မြို့နယ်မှ တရုတ်နိုင်ငံသို့တရားဝင် ကျွဲ၊ နွား အရှင်တင်ပို့ခြင်း လုပ်ငန်းကို၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ကုမ္ပဏီပေါင်း ၃၅၆၄ ခုမှ နွားအရှင် ၃၁၃၈၉၇ ကောင်နှင့်ကျွဲအရှင် ၄၂၂၈၆ ကောင် စုစုပေါင်း ၃၅၆၁၈၃ ကောင်၊ အမေရိကန်ဒေါ်လာ ၄၃၁ ဒသမ ၆၂၇ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ပညာရေးကဏ္ဍရှမ်းပြည်နယ်အတွင်း အခြေခံပညာ စာတတ်မြောက်မှု ရာ ခိုင်နှုန်းမှာ ၇၃ ဒသမ ၄၂ ရာခိုင်နှုန်း ဖြစ်သည့်အတွက် ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးကို ပြည်နယ်အစိုးရအနေဖြင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ပြည်နယ်အတွင်း စာတတ်မြောက်မှုရာ ခိုင်နှုန်း တိုးတက်လာရန်အတွက် (၃)နှစ်တာ ကာလအတွင်း စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ်တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ကလော၊ ဆီဆိုင်၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံနှင့် ပင်းတယ မြို့နယ်များမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများ ၂၆၈၃ ဦးက စာဖတ်ဝိုင်း ၂၅၀၄ ဝိုင်းနှင့်စာသင်သား ၂၆၉၇၂ ဦးကို စာသင်ကြား ပေးနိုင်ခဲ့သည်။ ထို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများနှင့် ဝင်ငွေတိုး သက်မွေးလုပ်ငန်း သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းများကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုအနေ ဖြင့် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းမှ ရှမ်းပြည်နယ်(တောင်ပိုင်း) စီမံကိန်းဝင် ၁၀ မြို့နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း) စီမံကိန်းဝင် ၁၀ မြို့နယ်တို့တွင် နှစ်စဉ်ကျောင်းသစ် ၁၀ ကျောင်းစီဆောက်လုပ်ပေးရာမှ (၃)နှစ်တာကာလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် ကျောင်း ၂၀ နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၀ ကျောင်း စုစုပေါင်းကျောင်းပေါင်း ၃၀ ဆောက်လုပ်ပေးခဲ့သည်။ ကျောင်းဆောင်သစ်များတွင် စာသင်ခုံများ၊ သန့်စင်ခန်းများနှင့် ရေလှောင်အုတ်ကန်များကိုပါ ထည့်သွင်းဆောင်ရွက်ပေးခဲ့သည်။
ကျန်းမာရေးကဏ္ဍ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၃)နှစ်တာကာလအတွင်း ဆေးရုံနှင့်ကျန်းမာရေးဌာနပေါင်း ၁၃၄၆ ခု ဖွင့်လှစ် ကုသ ပေးလျက်ရှိသည်။
ယခင်က ဆရာဝန်နှင့် လူဦးရေ အချိုးအစား ၁ အချိုး ၈၁၆၂ ရှိခဲ့ရာ မှ ၁ အချိုး ၈၂၇၃ အထိတိုးတက်လာခဲ့သည်။ အခမဲ့ကျန်းမာရေး ကွင်းဆင်းကုသပေးမှုအနေဖြင့် အကြိမ်ပေါင်း ၄၁၀ ကွင်းဆင်းကာ လူနာပေါင်း ၆၂၅၄၅ ဦး ကွင်းဆင်းကုသပေးနိုင်ခဲ့သည်။
လူနာများ ဆေးရုံတက်ရောက်ကုသမှုလွယ်ကူချောမွေ့ရေးအတွက် ရှမ်းပြည်နယ်အတွင်း ခုတင် ၂၀ဝ နှင့်အထက် ဆေးရုံကြီးများဖြစ်သော တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီး၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ လွိုင်လင်ခုတင် ၂၀ဝ ဆံ့ဆေးရုံကြီးများတွင် Reception Center များဖွင့်လှစ်ပြီး ဆေးလူမှုဆက်ဆံရေးအရာရှိ၊ ဆေးလူမှုဆက်ဆံရေးမှူးများမှ ကူညီဆောင်ရွက်ပေးနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်နယ်အတွင်း ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးရေးကိုရည်ရွယ်၍ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သော ICRC မှ ကျိုင်းတုံမြို့ ပြည်သှူဆေးရုံကြီးတွင် ငွေကျပ် သန်း ၁၈၀ဝ ဖြင့် ခုတင်၄၀ ဆံ့ ပြန်လည်သန်စွမ်းရေးဆေးကုသဌာနကိုတည် ဆောက်ပေးခဲ့ရာ ၂၀၁၇ ခုနှစ် မတ်လ ၈ ရက်တွင် စတင်ဖွင့်လှစ် အသုံးပြုလျက်ရှိသည်။ ထို့အပြင် ဂျပန်နိုင်ငံ JICA အဖွဲ့အစည်းမှထည့်ဝင်ငွေကျပ်သန်း ၈၃၄၀ နှင့် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၈၉၅ သန်းဖြင့်လားရှိုးမြို့ ပြည်သှူဆေးရုံကြီးတွင် နှစ်ထပ်လူနာဆောင်တစ်ဆောင်နှင့် ရင်ခွဲရုံတစ်ရုံတို့ကိုဆောက်လုပ်အသုံးပြုလျက်ရှိသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားရရှိရေးကို ပြည်နယ်အစိုးရအနေဖြင့်ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်နိုင်မှုကြောင့် ပြည်နယ်အတွင်း ကျေးရွာပေါင်း ၁၃၇၈၂ ရွာ၊ အိမ်ထောင်စု၁၁၆၉၈၈၄ ရှိသည့်အနက်မှ ၂၀၁၆ ခုနှစ်တွင်ဓာတ်အားစနစ်မှ မီးလင်းပြီး ကျေးရွာ ၁၁၃၉ ရွာ ရာ ခိုင်နှုန်းအားဖြင့် ၈ ဒသမ ၂၆ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ဓာတ်အားစနစ်မှ မီးလင်းပြီး ကျေးရွာ ၁၄၆၂ ရွာ ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၆၁ ရာခိုင်နှုန်း၊ ၂၀၁၈ခုနှစ်တွင် ဓာတ်အားစနစ်မှ မီးလင်းပြီး ကျေးရွာ ၁၇၇၇ ရွာ ရာခိုင်နှုန်းအားဖြင့် ၁၂ ဒသမ ၈၉ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားရရှိခဲ့သည်။
“၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ လျှပ်စစ်မီး သုံးစွဲသူဦးရေ ၃၃၀ဝဝဝ ကျော် ရှိခဲ့ရာကနေ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာ လျှပ်စစ်မီးသုံးစွဲသူ ၃၅၀ဝဝဝ ကျော်၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ လျှပ်စစ်မီး သုံးစွဲသူ ၇၇၀ဝဝဝ ကျော် တိုးတက်လာပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ရှင်းပြသည်။
ထို့ပြင် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန် ကြာမြင့်မှုမရှိရန်အတွက် ၂၀၁၈ ခုနှစ်အတွင်း ငွေကျပ် သန်း ၃၃ ဒသမ ၁၁၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
လမ်းပန်းဆက်သွယ်ရေးသယ်ယူပို့ဆောင်ရေးစရိတ်ကို အနည်းဆုံး လျှော့ချခြင်းနှင့် သွားလာမည့်အချိန် အတိုဆုံး ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ လမ်းတံတားများ ကြံ့ခိုင်ကောင်းမွန်ရန်ဆောင်ရွက်ပေးခဲ့သည်။ ကြိုးပမ်း ဆောင်ရွက်မှုအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိငွေကျပ် သိန်း ၃၀ဝ နှင့်အောက် လမ်း-တံတား အသုံးပြုခကောက်ခံသော လေလံ လမ်း၊ တံတား ဂိတ် ၂၅ ဂိတ်ကို ပြည်နယ်အစိုးရမှ အခမဲ့ဖြတ်သန်း သွားလာခွင့်ပြုခဲ့သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုနှင့်အတူ ကုန်စည်စီးဆင်းမှုမှာလည်း အလိုက်သင့်တိုးတက်ကောင်းမွန်လာခဲ့သည်။
ကုန်သွယ်ရေးကဏ္ဍတွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ (၃)နှစ်တာကာလအတွင်း မော်တော်ယာဉ် ၂၅၇၅၇၆ စီးဖြင့် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၂၆၇၄ ဒသမ ၆၈၅ သန်း၊ မော်တော်ယာဉ် ၁၂၇၄၈၅ စီးဖြင့် သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၃၈၉ ဒသမ ဝ၆၂ သန်း စုစုပေါင်းမော်တော်ယာဉ် ၂၈၇၁၆၆ စီးဖြင့်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄၂၉၄ ဒသမ ၉၆၉ သန်း ရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ (၃)နှစ်တာ ကာလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း ၁၃ ဒသမ ၃၄၀၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄၇၉ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇၀ ဒသမ ၈၁၉ သန်းနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၀၄၅ ဒသမ ၃၉၈ သန်း၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၉၆၃ သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၁၄၉ ဒသမ ၃၆၁ သန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။
အလားတူ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၁၃၂ သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အမေ ရိကန်ဒေါ်လာ ၄၄၆၂၈၃ ဒသမ ၂၈၇ သန်း ရင်းနှီး မြှုပ်နှံနိုင်ခဲ့သည့်အပြင် လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းငါးခုကို အတည်ပြုမိန့်ထုတ်ပေးနိုင်ခဲ့ကာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားကဏ္ဍရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စံကားအင်း (ညောင်ရွှေမြို့နယ်)၊ ဖယ်ခုံအင်း (ဖယ်ခုံမြို့နယ်)၊ ရွာငံ၊ ပင်းတယဒေသရှိ ရေဝင်ဂူ၊ ရေပြာအိုင်၊ တောကျယ်ရေတံခွန်၊ အရှေ့မြင်အနောက်မြင်တောင် (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ရှေးဟောင်းပြဒါးလင်းဂူ (ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ကလောမြို့နယ် နန့်ပန်တက်ကျေးရွာ အနီးရှိ ရှမ်းရိုးမဆင်စခန်းနှင့် ရွာငံမြို့နယ် မြို့ကြီးဆည်တို့ကို ပြည်တွင်း ပြည်ပခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိသည်။
“ကျွန်တော်တို့ တာဝန်ယူခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ဟိုတယ်နဲ့တည်းခိုရိပ်သာ လိုင်စင် ၁၂၇၀ ၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၂၉၁ ခု၊ ပို့ဆောင်ရေးလုပ်ငန်းလိုင်စင် ၇၂၀၆ နဲ့ဧည့်လမ်းညွှန်လိုင်စင် ၅၆၉ ခုကို ထုတ်ပေးနိုင်ခဲ့ပါတယ်” ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် တာချီလိတ်- မိုင်းဖြတ် - ထမ့်စွန်ဟိန်းဂူ - မိုင်းဖြတ်၊ တာချီလိတ်- မိုင်းယောင်း - မိုင်းယု၊ တာချီလိတ် - မိုင်းဆတ်- မိုင်းတုံ ခရီးစဉ်လမ်းကြောင်းများကို ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် တာချီလိတ် - ဝမ်ပုံ - ရွှေတြိဂံပါရာဒိုက်ဟိုတယ် -မိုင်းဖုန်းဆရာတော်ကျောင်း၊ တာချီလိတ်- တာလေ - ပါလျှိုး - ကျိုင်းလပ်၊ မဲခေါင်မြစ်ကြောင်း တစ်လျှောက် (ရွှေတြိဂံမှ ကျိုင်းလပ်မြို့အထိ) ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်။
အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ဘန့်ဘွေးကျင်းရေတံခွန် (ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်းရှိ ဘန့်ဘွေးကျင်းကျေးရွာအနီး)၊ လားရှိုး၊ သိန္နီ၊ ဟိုပန်၊ တန့်ယန်းမြို့များနှင့်တိုင်းရင်းသားကျေးရွာများ၊ မိုးမိတ်ခရိုင်ရှိရွှေဥဒေါင်းတောင်၊ တောရိုင်းတိရိစ္ဆာန်တော၊ ကြိုးဝိုင်းသစ်တောနှင့် ဆင်စခန်းတို့ကို ဖွင့်လှစ်နိုင်ခဲ့သည်။
ပြည်သှူဝန်ဆောင်မှုရုံးများဖွင့်လှစ်ပြည်သူများအတွက် ရှမ်းပြည်နယ်အတွင်း ပြည်သှူဝန်ဆောင်မှုရုံး (One Stop Shops- OSS) များကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ တောင်ကြီးခရိုင်တွင် ၁၀ ရုံး၊ လွိုင်လင်ခရိုင်တွင်ခုနစ်ရုံး၊ လင်းခေးခရိုင်တွင် လေးရုံး၊ ကျိုင်းတုံခရိုင်တွင် လေးရုံး၊ မိုင်းဆတ်ခရိုင်တွင် တစ်ရုံး၊ တာချီလိတ်ခရိုင်တွင် သုံးရုံး၊ လားရှိုးခရိုင်တွင်လေးရုံး၊ မူဆယ်ခရိုင်တွင် သုံးရုံး၊ ကျောက်မဲခရိုင်တွင် ခြောက်ရုံး၊ မိုးမိတ်ခရိုင်တွင် နှစ်ရုံး၊ လောက်ကိုင်ခရိုင်တွင် နှစ်ရုံးနှင့် ဟိုပန်ခရိုင်တွင်တစ်ရုံးဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာအလိုက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
နေထိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမှု ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့်နေထိုင်ရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်အစိုးရဝန်ထမ်းများအပါအဝင် ဝင်ငွေနည်း မိသားစုများအတွက် ဝယ်ယူနိုင်စွမ်းရှိသည့်တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများ၊ ပြည်သှူအငှားအိမ်ရာများနှင့် အစိုးရဝန်ထမ်း အိမ်ရာများ ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။
ဝန်ထမ်းများနေထိုင်မှု အဆင်ပြေရန် ရှမ်း ပြည်နယ်အစိုးရ၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့်တိုက် ၄၃ လုံး အခန်းပေါင်း ၇၁၆ ခန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ထို့အပြင် တောင်ကြီးမြို့အထွက် ဟိုပုံး ကားလမ်းမကြီးဘေးရှိ ဆောက်လုပ်ပြီးစီးပြီဖြစ်သည့် ပြည်သှူအငှားအိမ်ရာ လေးခန်းတွဲငါးထပ်တိုက် ခြောက်လုံးတွင် နေထိုင်ရေး အခက်အခဲရှိသည့် ပြည်သူများအား ပြင်ပ၊ အငြိမ်းစား ဝန်ထမ်းများနှင့် အငြိမ်းစားယူခါနီးဝန်ထမ်းများ ဟူ၍ အုပ်စု သုံးစုခွဲကာ စနစ်တကျမဲနှိုက်၍ အိမ်ထောင်စု ၁၁၉ စုအား နေရာချထားပေးနိုင်ခဲ့သည်။
လူမှုရေးကဏ္ဍဆောင်ရွက်မှု ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် (၃) နှစ်တာကာလအတွင်း လူငယ်ပရဟိတ ဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ မင်္ဂလာဦး လူငယ်ရိပ်သာနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်းများသို့ စုစုပေါင်းငွေကျပ် ၂၉၇၅၀ဝဝဝ ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီး ၂၀၁၆ - ၂၀၁၇ ခုနှစ်တွင် အသက် ၉၀ နှင့် ၁၀ဝ အကြား အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ် ၁၅၀ဝဝ နှုန်း၊ ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် အသက် ၉၀ နှစ်အထက် အဘိုး၊ အဘွား တစ်ဦးလျှင် ငွေကျပ် ၁၀ဝဝဝ နှုန်းနှင့်၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် အသက် ၈၅ နှစ်အထက်အဘိုး၊ အဘွားတစ်ဦးလျှင် ငွေကျပ် ၁၀ဝဝဝ နှုန်း တို့ဖြင့် တိုးတက်ထောက်ပံ့နိုင်ခဲ့သည်။
စစ်ဘေးရှောင်ပြည်သူများ(၃)နှစ်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA ၊ TNLA ၊ MNDAA ၊ AA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှု ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအတွက် စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပြီး လိုအပ်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုအဆင့်မှ ငွေ ကျပ် ၁၃၈၃၄၅၄၀ဝ နှင့် ပစ္စည်းတန်ဖိုး ငွေကျပ် ၆၅၁၂၆၅၀ဝ ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှငွေကျပ် ၂၂၀ဝဝဝဝ နှင့် ပစ္စည်းတန်ဖိုး ငွေကျပ်၂၉၆၅၀၅၀ဝ ၊ ကုမ္ပဏီများမှ ငွေကျပ် ၁၀ဝဝဝဝဝ နှင့် ပစ္စည်းတန်ဖိုး ငွေကျပ် ၁၄၂၆၁၁၀ဝ၊ NGO ၊ ပုဂ္ဂလိကအလှူရှင်များမှ ငွေကျပ် ၉၈၁၇၂၄၈၀ နှင့် ပစ္စည်းတန်ဖိုး ငွေကျပ် ၄၅၆၆၁၉၄၃၂ ၊ ငွေသား နှင့်ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၇၉၃၈၉၇၅၇၆ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ပြည်သှူအစိုးရပြည်နယ်အစိုးရအနေဖြင့် ၄င်းတို့ တာဝန်ယူဆောင်ရွက်ခဲ့သည့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်နယ်ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်အစိုးရအဖွဲ့သည် ပြည်သူက ရွေးချယ်ထားသည့် ပြည်သှူအစိုးရ ဖြစ်သည့်အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများကိုဦးဆောင်ဦးရွက်ပြုရင်းဖြင့် ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြရေးသားအပ်ပါသည်။
ဆောင်းပါး - ရှင်မင်း၊ ဓာတ်ပုံ - အေးသန်း