မော်လမြိုင် ဖေဖော်ဝါရီ ၂၀

 

မွန်ပြည်နယ်တွင် ပြည်နယ်အဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က  ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲလာမှု၊ ကမ္ဘာ့လူဦးရေတိုးပွားလာမှု၊ ရုပ်ကြွင်းလောင်စာများကို အမြောက်အများ အသုံးပြုခြင်း၊ လူမှုရေးစနစ် ပြောင်းလဲလာမှုနှင့်အတူ ဓါတုကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ခေတ်မီဆန်းသစ်သော လက်နက်ဆန်း တီထွင်မှုများနှင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ ပြည်နယ်အတွင်းရှိ အခြေခံ လူမှုစီးပွားအဆောက်အဦများ ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာအောင် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်လို့ကြောင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုစက်ဝန်း၏ အဆင့် (၃)ဆင့်မှာ ပထမအဆင့်ဖြစ်သော ဘေးမဖြစ်ပွားမီအဆင့်မှာ ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းခြင်း၊ ကြိုတင်သတိပေးချက်များကို ထုတ်ပြန်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ အသိပညာပေးခြင်း၊ ဘေးအန္တရာယ် တစ်ခုခြင်းစီအလိုက် စီမံချက်များ ရေးဆွဲထားခြင်း စသောအချက်များအတိုင်း ဆောင်ရွက်ရမှာဖြစ်ကြောင်း။

 

ဒုတိယအဆင့်ဖြစ်သည့် ဘေးဖြစ်ပွားစဉ် အရေးပေါ်အခြေအနေမှာ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ဘေးလွတ်ရာသို့ ရှောင်တိမ်းခြင်း၊ အရေးပေါ် အခိုအကာနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း အခြေအနေများကို လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်ပြီး သင်တန်းသား/ သင်တန်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သော ဗဟုသုတများကို သိရှိ၍ မိမိနေထိုင်ရာ၊ မိမိတာဝန်ကျရာဒေသများကို ပြန်လည်ရောက်ရှိသည့်အခါ မိမိဒေသတွင် ဖြစ်ပွားတတ်သည့်ဘေးများကို ကြိုတင်ခန့်မှန်းနိုင်ခြင်း၊ ကြိုတင်စီမံချက်များ ရေးဆွဲခြင်း၊ ဘေးကင်းစိတ်ချရသည့် အဆောက်အဦနှင့် နေရာများ ကြိုတင်လေ့လာထားခြင်း၊ ဘေးဖြစ်ပွားစဉ် ဘေးအန္တရာယ်ကြောင့် ထိခိုက်လျော့ပါးအောင် ဆောင်ရွက်ရမည့် နည်လမ်းနှင့် အခြေအနေများကို ကြိုတင်ပြင်ဆင် လေ့လာထားရန်လိုကြောင်း၊ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့်အခါ မိမိတို့ဆည်းပူးလေ့လာခဲ့သည့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုပညာရပ်များကို ထိရောက်စွာအသုံးချပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်စေလိုကြောင်း မှာကြားခဲ့သည်။

 

ထို့နောက် မွန်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးသိန်းဌေးအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်သည် တက်ရောက်လာကြသော သင်တန်းသား/ သင်တန်းသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

 

အဆိုပါသင်တန်းကို သင်တန်းသား/ သင်တန်းသူ (၅၅)ဦး တက်ရောက်ကြပြီး မော်လမြိုင် ပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ဖေဖော်ဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ ၄ ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)