ဘားအံ အောက်တိုဘာ ၁၈

 

ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ (၇/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အချိန်ကာလတိုအတွင်း လျင်လျင်မြန်မြန်ဖြင့် အကျိုးအမြတ်ရရှိနိုင်မည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များက ငါးမွေးမြူရေး၊ ဆန်စက်၊ ဆီစက် စသည့် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်း၍ ချေးငွေထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကော်မတီဖွဲ့စည်းထားမှုအခြေအနေများ၊ အရင်းမပျောက်မတည်ငွေဖြင့် ပေါင်းစည်းလယ်ယာ(ငါးကဏ္ဍ) ဆောင်ရွက်မည့်အခြေအနေများ၊ ပိုင်ဆိုင်မှုနှင့်ချေးငွေယူမည့်ပမာဏ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီးစီးမှုအခြေအနေနှင့်  လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာသော ခရိုင်၊ မြို့နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီများက သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာများအလိုက် တောင်သူများ၏ စိုက်ဧကများနှင့် ချေးငွေပမာဏများ၊ ထုတ်ချေးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)