မိုးညှင်း     ၂၈   နိုဝင်ဘာ

 

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၃၇ ဒသမ ၅ သန်းဖြင့် Kachin Ayar  ကုမ္ပဏီလီမိတက်မှ  တာဝန်ယူတည်ဆောက်သည့် ပေ (၁၂၀× ၉၀× ၃၆)ရှိ မိုးလုံလေလုံ အားကစား ခန်းမ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအဆောက်အအုံသစ်၌ ကျင်းပရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများဖြစ်သည့် လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ မိုးလုံလေလုံအားကစားခန်းမသစ်အား လူမှုရေးဝန်ကြီးဦးနေဝင်း၊စိုက်ပျိုးမွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဦးကျော်ကျော်ဝင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးနှင့် ခရိုင် အုပ်ချုပ်ရေး မှူးဦးခင်မောင်လေးတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က မိုးညှင်းခရိုင်နှင့်မြို့နယ်များထံ အားကစား ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍ အားကစားသရုပ်ပြ အဖွဲ့များက လူထုအားကစား လမ်းလျှောက်ပွဲတွင် ပြုလုပ်မည့် လေ့ကျင့်ခန်း သရုပ်ပြသခြင်း၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်း သား/ သူလေးများ၏ မြန်မာ့သိုင်း သရုပ်ပြသခြင်း Physical Fitness Dance အကများဖြင့်သရုပ်ပြသခြင်း၊ မြန်မာနိုင်ငံခြင်းလုံး အားကစားအဖွဲ့ချုပ်မှ မြန်မာ့ရိုးရာ ခြင်းအလှခတ် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ယခုဆောက်လုပ်ပြီးစီးသည့် မိုးလုံလေလုံအားကစားခန်းမကို ယခုနှစ်မတ်လမှ စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အားကစားခန်းမဖွင့်ပွဲနှင့်အတူ ယခုလ ၂၉ ရက်နေ့တွင် အမျိုးသား အလွတ်တန်း (၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အမျိုးသား အလွတ်တန်း ဘော်လီဘောပြိုင်ပွဲများကိုလည်း ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)