မြစ်ကြီးနား ဇူလိုင်

 

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်၊ ဌာဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အပန်းဖြေစခန်းရှိ ကြိုးတံတားပြုပြင် ဆောက်လုပ်ပေးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အောင်မြင်သာ စံပြကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ အင်ခိုင်ဘွမ်ခန်းမဆောင်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်များနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အခြေအနေများတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဦးတည်ချက် (၉) ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး စီမံဆောင်ရွက်နေမှုအခြေအနေများနှင့် ကြားကာလ တာဝန်ယူ ဆောင်ရွက်ရခြင်း ဖြစ်သော်လည်း ပြည်နယ်၏ ဖွံ့ဖြိုးတိုးရေးအတွက် မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိ စေရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကျေးရွာရပ်မိရပ်ဖများက ကျေးရွာအတွင်း လမ်း၊ တံတားလိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျေးရွာဖွံ့ဖြိုးရေးအတွက် မတည်ငွေကျပ် (၁၀) သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ယင်းနောက် အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း နှစ်ထပ်စာသင်ဆောင်ပြုပြင် ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး အောင်မြင်သာ အပန်းဖြေစခန်းရှိ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေဖြင့် ကျိန်ခရန်ချောင်းကို ဖြတ်သန်းတည်ဆောက်ထားသော ကြိုးတံတား သစ်သားကြမ်းခင်းများနှင့် လက်ရန်းတိုင်များ ပျက်စီးယိုယွင်းမှု အခြေအနေနှင့် အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ ကြိုးတံတားအား ကြမ်းခင်းတွင် သံပြားအခင်းနှင့် လက်ရန်းများ ပြုပြင်ဆောက်လုပ်နိုင်ရေးအတွက် စနစ်တကျ ကွင်းဆင်းတိုင်းတာ၍ လိုအပ်ချက်များ တင်ပြဆောင်ရွက်ရေး ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ ‌အောင်မြင်သာစံကျေးရွာ ဒေသခံပြည်သူလူထုမှ လိုအပ်လျက်ရှိသည့် ကျေးရွာတွင်းလမ်းများကို ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၂ ပေအကျယ် ကွန်ကရစ်လမ်း ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)