မိုးညှင်း ၂၈ နိုဝင်ဘာ
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်အားကစားကွင်းများ အဆင့်မြှင့် တင်ပေးခြင်းလုပ်ငန်းများကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်ခွဲဝေလျာထား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၂၃၇၀ ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မိုးညှင်းမြို့ ခရိုင်မိုးလုံလေလုံအားကစားခန်းမသစ်ကို နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီတွင် ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ အားကစားခန်းမသစ်အဆောက်အဦကို ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးတင်အေး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲအခမ်းအနားကို ခန်းမသစ်အတွင်း ဆက်လက်ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီးက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးက မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့အတွက် အားကစားပစ္စည်းများမျိုးစုံကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများက အေရိုးဗစ်လေ့ကျင့်ခန်း၊ မြန်မာ့သိုင်းနှင့် Physical Fitness Dance အကများဖြင့် သရုပ်ပြကပြဖျော်ဖြေကြပြီး မြန်မာနိုင်ငံ ခြင်းလုံးအားကစားအဖွဲ့ချုပ်မှ မြန်မာ့ရိုးရာခြင်းအလှခတ်ခြင်းကို သရုပ်ပြသခဲ့ကြသည်။
ယင်းနောက် ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက အားကစားခန်းမဖွင့်ပွဲ အထိမ်းအမှတ် ကျင်းပပြုလုပ်သွားမည့် ပိုက်ကျော်ခြင်းနှင့် ဘောလီဘောပြိုင်ပွဲများအတွက် အလှူရှင်များ၏ လှူဒါန်းငွေများပေးအပ်မှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရသည်။
MDN