နေပြည်တော်   ၂    ဖေဖော်ဝါရီ 

 

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသား ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီ ၂  ရက်၊  ညနေ ၅ နာရီမှစတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အားကစားလေ့ကျင့်ရေးစခန်းသို့ အသီးသီးရောက်ရှိကြသည်။

 

အဆိုပါတိုင်းရင်းသား ယဉ်ကျေးမူကိုယ်စားလှယ်အဖွဲ့များအား ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသင်းမြတ်သူက ဦးဆောင်၍ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်ကော်မတီများနှင့် ဌာနဆိုင်ရာ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် လှိုက်လှဲစွာကြိုဆိုကြပြီး တည်းခိုဆောင်များအလိုက် နေရာချထားရေးကို စီစဉ်ဆောင်ရွက်ပေးသည်။

 

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များမှ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ရောက်ရှိပြီး ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းပြည်နယ်များနှင့်  တနင်္သာရီတိုင်းဒေသကြီးတို့ ရောက်ရှိကြမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးမိုး (ပြန်/ဆက်)