နေပြည်တော်   ၃၁   ဇန်နဝါရီ 

 

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုင်းရင်းသားရိုးရာ ယဉ် ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသား ယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များသည် ဇန်နဝါရီ ၃၀ ရက်  မွန်းလွဲ ၂ နာရီမှ စတင်၍ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ အသီးသီး ရောက်ရှိကြသည်။

 

mdn

 

အဆိုပါတိုင်းရင်းသား ယဉ်ကျေးမူကိုယ်စားလှယ်အဖွဲ့များအား သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးထွန်းအုံးမှ ဦးဆောင်၍ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပ ရေး၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဆပ်ကော်မတီများ၊ ဌာနဆိုင်ရာ ဆပ်ကော်မတီများမှတာဝန်ရှိသူများက အိုးစည်၊ ဒိုးပတ်ဝိုင်းများဖြင့် လှိုက်လှဲစွာကြိုဆိုကြပြီး တည်းခို ဆောင်များအလိုက် နေရာချထားရေးကို စီစဉ်ဆောင်ရွက်ပေးသည်။ 
 

mdn

 

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့များ သည် ဇန်နဝါရီ ၃၀ ရက်တွင် ‘‘ဝ” စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ရောက်ရှိပြီး၊ ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရောက်ရှိရာ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊  မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအသီးသီးတို့မှ ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့များသည် မွန်းလွဲပိုင်းတွင်  ရောက်ရှိကြမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

စိုးမိုးအောင်၊ ကံချွန်(ပြန်/ဆက်)

 

mdn