ဘားအံ နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်သော ပြည်နယ်ဖူဆယ်အားကစားခန်းမ ဖွင့်ပွဲကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲနှင်းသဘင် ခန်းမအနီးရှိ အဆိုပါ အားကစားကွင်းတည်နေရာ၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်တို့က အားကစားခန်းမအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်က ပြည်နယ် ဖူဆယ်အားကစားခန်းမ ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖူဆယ်အားကစားခန်းမအား လှည့်လည်ကြည့်ရှုကြပြီး ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် အဖြူရောင်အသင်းနှင့် အပြာရောင်အသင်း တို့၏ ဖူဆယ်ဘောလုံး သရုပ်ပြကစားမှုအား ကြည့်ရှုအားပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ် အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ် ပရဝဏ်အတွင်း တည်ဆောက် လျက်ရှိသော တက္ကသိုလ်ဓမ္မာရုံ ပြီးစီးမှုအခြေအနေနှင့် တက္ကသိုလ် စာကြည့်တိုက်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိက၊ ဌာနမှူးများနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ဓမ္မာရုံ တည်ဆောက်ရေး လုပ်ငန်းများနှင့် စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မာန်အောင်ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခေတ်ကာလနှင်လျော်ညီသည့် အဆင့်မီဈေးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


