ဘားအံ ၁၅ ဇွန်
ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၏ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေသော ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာနှစ်ဦးအနက် Case 186 မှာ ဓါတ်ခွဲစစ်ဆေးမှုများအရ ရောဂါပိုးမတွေ့ရှိရတော့ဘဲ ပြန်လည်ကျန်းမာသွားပြီဖြစ်သည့်အတွက် ဇွန်လ ၁၅ ရက် နံနက်ပိုင်းက ဆေးရုံမှပြန်လည်ဆင်းသွားပြီဖြစ်သည်။
Case 186 ကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ ဆေးရုံအုပ်ကြီးဒေါက်တာ ဘရန်အောင်၊ အထူးကြပ်မတ်ကုသပေးခဲ့သည့် ဆေးပညာအထူးကုဆရာဝန်ကြီး ဒေါက်တာချိုချိုစန်းထူး ဦးဆောင်သည့် အဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ဂုဏ်ပြုချီးကျူးခဲ့ကြပြီး ကော့ကရိုတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးနှင့် Case 186 ၏ မိသားစုဝင်များ လာရောက်ကြိုဆိုကြကာ ၎င်းနေထိုင်ရာ ကျေးရွာ နေအိမ်အရောက် ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
မလေးရှားနိုင်ငံမှ လေယဉ်ဖြင့်ပြန်လည်ဝင်ရောက်လာပြီး ဘားအံမူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေစဉ် ဓါတ်ခွဲစစ်ဆေးချက်များအရ Case 186 နှင့် Case 187 တို့နှစ်ဦးတွင် မေလ ၁၇ ရက်နေ့က ကိုဗစ် ၁၉ ရောဂါပိုးကိုတွေ့ရှိခဲ့ရသည့်အတွက် မေလ ၁၈ ရက်နေ့တွင် ပြည်နယ်ပြည်သူ့ ဆေးရုံ(ဘားအံ) သီးသန့်လူနာဆောင်(Isolation Unit)သို့ ပြောင်းရွှေ့ကုသမှုခံယူစေခဲ့သည်။ ဆေးရုံသို့ ရောက်ပြီး ၁၁ ရက်မြောက်နေ့တွင် တစ်ကြီမ်၊ ၁၃ ရက်မြောက်နေ့တွင်တစ်ကြိမ် ထပ်မံစစ်ဆေးရာ Case 186 တွင် ပိုးမတွေ့ရတော့သဖြင့် ဆေးကုသချိန် ၁၄ ရက်၊ Facility Quarantine ၁၄ ရက် စုစုပေါင်း ၂၈ ရက် ကြပ်မတ် ကုသမှုခံယူစေခဲ့ပြီး ပြန်လည်ကျန်းမာသွားပြီဖြစ်သည့်အတွက် ဆေးရုံမှဆင့်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Case 187 မှာမူ ဆေးရုံရောက်ပြီး ၁၁ ရက်အကြာ ပထမအကြိမ်စစ်ဆေးရာတွင် ပိုးမတွေ့သော်လည်း ၁၃ ရက် မြောက်နေ့တွင် ပိုးပြန်တွေ့ရပြီး ၁၉ ရက်မြောက်နေ့တွင်ထပ်မံစစ်ဆေးရာ ပိုးပြန်တွေ့သည့်အတွက် ဆေးရုံမှဆင်းခွင့် မရသေးသော်လည်း ၆ ရက်ခြားတစ်ခါ ဓါတ်ခွဲစစ်ဆေးနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


