ဘားအံ မေ ၇
ကရင်ပြည်နယ်၏မြို့တော်ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော် ဖြစ်စေရေးအတွက် မေလ ၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်နယ် ပြည်သူ့ ဆေးရုံကြီး(ဘားအံ)နှင့် ဘားအံတက္ကသိုလ်တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာ ကရင်ပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်းအင်အား ၁၅၀ ဦးဖြင့် ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်းရှင်းလင်းခြင်း၊ စွန့်ပစ်ပစ္စည်းနှင့်အမှိုက်များ ဖယ်ရှားခြင်း အစရှိသည့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင် သာယာရေး အဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူ၊ ဆေးရုံအုပ်ကြီးဒေါက်တာဘရန်အောင်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များမှာကြားကာ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ ISOLATION UNIT အဆင့်မြှင့်တင်ဆောင်ရွက်မှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သာယာပတ်လမ်း(ကျော်ဇေယျလမ်း)၌ အရှည် ၁၆၀၀ ပေ ရှိ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီအချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်နယ်ဦးစီးမှူးရုံး၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေး နှင့်လေ့ကျင့်ရေးကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ စည်ပင်သာယာရေးအဖွဲ့၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့နှင့် ဘားအံတက္ကသိုလ်မှ ဝန်ထမ်းများ စုစုပေါင်း အင်အား ၂၀၁ ဦးဖြင့် စုပေါင်းသန့်ရှင်း ရေးဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)