မိုးညှင်း ၂၃   နိုဝင်ဘာ

 

ကချင်ပြည်နယ် သစ်တောဥပဒေမူကြမ်း ဖြစ်ပေါ်လာရေးအတွက် အကြံပြုချက်များရယူခြင်း အလုပ်ရုံဆွေးနွေးပွဲကို TNGL/KCWG (The Northern Green Light Kachin state conservation Working  Group ၏ ဦးဆောင်စီစဉ်မှုဖြင့် မိုးညှင်းခရိုင် မိုးညှင်းမြို့စိမ်းလဲ့ ရတနာခန်းမ၌ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်း၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် မိုးညှင်းခရိုင် ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ ပြည်နယ်လွှတ်တော်အနေဖြင့် ကျွန်းနှင့်အုပ်စု(၁)ပါ သစ်မာများမှအပ အခြားသစ်များဆိုင်ရာ ဥပဒေကြမ်းဖြစ်ပေါ်လာရေးအတွက် ပြည်သူလူထု၏ အကြံပြုချက်များရယူ၍ သစ်တောဥပဒေကြမ်း ဖြစ်ပေါ်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်သူလူထု၏ အကျိုးကို ရှေးရှု၍ တက်ရောက်လာသူများမှ ဆွေးနွေးအကြံပြုပေးကြပါရန် အမှာစကားပြောကြားသည်။ 

 

ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့မှ အဖွဲ့ဝင် ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦး H လအောင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားရာတွင် ပြည်နယ်သစ်တော ဥပဒေကြမ်းဖြစ်ပေါ်လာရေးအတွက် ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ထားသူများနှင့် ပြည်သူလူထု၏ အကြံပြုချက်များရယူ၍ ဥပဒေကြမ်းဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး TNGL/KCWG (The Northern Green Light Kachin state conservationWorking  Group မှ တာဝန်ရှိသူတစ်ဦးက သစ်တောကဏ္ဍနှစ်စပ်လျဉ်း၍ သိသင့်သိထိုက်သော အကြောင်းအရာများကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများက  ပြည်နယ်သစ်တောဥပဒေမူကြမ်း ဖြစ်ပေါ်လာရေးအတွက် အကြံပြုချက်များရယူခြင်းကို အုပ်စုအလိုက်ဆွေးနွေးခဲ့ကြသည်။

 

ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့ (၂)ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်များမှ သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ထားသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

 

ကျော်ကျော်ထွေး (မိုးညှင်း)