ရွှေကူ ၂၃ ဖေဖော်ဝါရီ
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီတွင် ရွှေကူမြို့နယ်သို့ ရောက်ရှိခဲ့ပြီး မံဝိန်းကျေးရွာအုပ်စု၊ တုံးကောက်ကျေးရွာ တောင်သူ ဦးချိုအေး၏ ဆောင်းပဲမျိုးစုံ စံပြစိုက်ကွက်တွင် စိုက်ပျိုးထားသော သီးနှံအခြေအနေများအား ကြည့်ရှုကာ ဝန်ကြီးမှ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် စီသောင်ကျေးရွာသို့ သွားရောက်ပြီး အာရှအောင်မြင် ဖွံ့ဖြိုးမှုကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော စီသောင်ကျေးရွာနှင့် နောင်မိုကျေးရွာများတွင် ပေါင်းနက်ချောင်း ကျောက်စီရေကာနံရံပြုလုပ်ခြင်း လုပ်ငန်းစီမံကိန်းဆိုင်ရာ အချက်အလက်များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်းပြခဲ့ပြီး ဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူမြို့နယ် နောင်လက်ကြီးကျေးရွာအနီးတွင် မန်းထင်ပေါ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ပေါင်းနက်ချောင်း ရေသွင်းမြောင်းတူးဖော်ခြင်းနှင့် မြောင်းထိပ်အဆောက်အအုံ ပြုလုပ်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ရွှေကူမြို့တွင် Super Frequency ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော အတိုင်းအတာ ပေ ၆၀ × ၄၂ ပေ ဝန်ထမ်းအိမ်ရာ R.C.C (၄)ခန်းတွဲ တစ်ထပ်တည်ဆောက်ခြင်း လုပ်ငန်းအခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြေးတိုင်စနစ်ဖြင့် ခွင့်ပြုထားသည့် ပကားအင်း ရေမြောင်းတူးဖော်ခြင်းနှင့် ရွှေကူမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးမြေနေရာ အခြေအနေတို့အား သွားရောက်ကြည့်ရှုခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)


