ဘားအံ   ဩဂုတ်   ၄

 

ဘားအံစက်မှုဇုန်ရှိ   စက်ရုံ၊ အလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်စေရန်  အားပေးမြှင့်တင်နိုင်ရေး၊ နည်းပညာ၊ ငွေကြေးနှင့် ဈေးကွက်အထောက် အပံ့များရရှိစေရေးအတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည်   ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၃ ရက်တွင် ပွင့်သစ်တိုး ဘက်စုံသုံး အဆင့်မြင့်ဂျစ်(ပ်) ဆမ်ကျောက်မှုန့် ကြိတ်ခွဲသန့်စင်စက်ရုံနှင့် Kyaw 3 ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေးလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲ မြို့နယ် ရှမ်းရွာသစ်ဒေသထွက် ကုန်ကြမ်းများ ကိုအသုံးပြု၍ ဘားအံစက်မှုဇုန်တွင် တစ်နာရီ လျှင် ၂၅ ကီလိုဂရမ် အိတ် ၂၄၀   ထုတ်လုပ် နိုင်သော  ဂျစ်(ပ်)ဆမ်နှင့်    ဒိုလိုမိုက်သဘာဝ ကျောက်မှုန့်မြေဩဇာများ ထုတ်လုပ်သည့် ပြည်သူ့ဓနကုမ္ပဏီလီမိတက်၏   ပွင့်သစ်တိုး ဘက်စုံသုံးအဆင့်မြင့် ဂျစ်(ပ်)ဆမ်ကျောက်မှုန့် ကြိတ်ခွဲသန့်စင်စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ကြိတ်ခွဲ သန့်စင်ထုတ်လုပ်မှုအဆင့်ဆင့်ကို  ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်နှင့် ဝယ်လိုအားယှဉ်ပြိုင်နိုင်စွမ်းကို ဆွေးနွေးမေးမြန်း၍ လိုအပ်သည် များ မှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Kyaw 3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေး လုပ်ငန်းသို့   သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင် ဦးကျော်ဌေးဦးက လျှပ်စစ်ဓာတ်အားနှင့်       လောင်စာဆီ သုံးစွဲမှုများကို ချွေတာလျှော့ချနိုင်ရေး မီးသွေး(လောင်စာခဲ)ဓာတ်ငွေ့ဖိုဖြင့် အင်ဂျင်၊ ဒိုင်နမိုမော်တာ များကို အသုံးပြု၍ သဘာဝဇီဝဂက်စ်ကို ထုတ်လုပ်ကာ လုပ်ငန်းစမ်းသပ်လည်ပတ်နေမှု အခြေအနေ၊ အလုပ်သမား  ၅၀ ကျော်ဖြင့်  တစ်ရက်လျှင် ကုန်ကြမ်းကော်စေ့နှစ်တန်ခန့်      အသုံးပြု၍ ကော်ပစ္စည်း မျိုးစုံ ထုတ်လုပ်နေမှုအခြေအနေတို့ကို လိုက်လံရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို မှာကြားခဲ့သည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)