မိုင်းယု အောက်တိုဘာ ၁၄

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊  နယ်စပ်ဒေသ မိုင်းယုမြို့သို့ ယနေ့ နံနက်ပိုင်းက ရောက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မိုင်းယု-ကျိန်းယဲန်းတံတားနှင့် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မိုင်းယု-ကျိန်းယဲန်းတံတား ကိုဗစ်-၁၉ ရောဂါကာလ ယာယီကုန်သွယ်မှုပိတ်ထားသည့် အခြေအနေများ၊ ဒေသအခြေအနေများနှင့် နှစ်နိုင်ငံနယ်နိမိတ်ဖြစ်သည့် မိုင်တိုင် ၂၄၀ နှင့် ဆွပ်ပလွေဆိပ်ကမ်း အခြေအနေတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဖြည့်စွက်မှာကြားခဲ့ပြီး ဒေသအခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူ ဦးကြီးကွေ့၏ ၄၇ ဒသမ ၈၀ ဧကရှိ ဒေသထွက် တစ်သျှူးငှက်ပျောစိုက်ပျိုးထားမှု အခြေအနေအားလည်းကောင်း၊ တောင်သူ ဦးကြည်စော၏ (၅)ဧကရှိ ရော်ဘာစိုက်ခင်းအား စိုက်ပျိုးထားမှုအခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တောင်သူများမှ တစ်သျှူးငှက်ပျောဖာများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့ထံ ဒေသထွက်လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)