မြစ်ကြီးနား ၁ ဒီဇင်ဘာ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၌ အ.ထ.က (စီတာပူ) ကျောင်း၌ အင်ခိုင်ဘွမ်ကျောင်းဆောင်သစ်ဖွင့်ကို တက်ရောက်ဖွင့်လှစ်ပေးပြီး ကချင်ရိုးရာကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲများသို့ တက်ရောက်ခဲ့ကြသည်။

 

2002

 

ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (စီတာပူ) ကျောင်းဝင်းအတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံ ၁၉၆.၅၀၀ သန်းဖြင့် တည်ဆောက်ပြီးစီးသည့် ၁၄၀ ပေ × ၃၀ ပေ RC နှစ်ထပ် စာသင်ဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး အဆောက်အဦသစ်ကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြည်နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်ဆိုင်းဘုတ် အင်ခိုင်ဘွမ်ဆောင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

 

2006

 

ထိုမှတစ်ဆင့် နောင်နန်းရပ်ကွက် တြီနီတီနှစ်ခြင်းအသင်းတော် ဘုရားကျောင်း၌ ကချင်တိုင်းရင်း သားရိုးရာ ‘Nlung (Shat) N’nan Sha Poi (အင်လုံ အင်နန် ရှားပွဲ) ဟုခေါ်ဆိုသည့် ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲနှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

2048

 

ကောက်သစ်စား ကျေးဇူးတော်ချီမွမ်းပွဲတွင် ဒေသခံများက ၎င်းတို့၏ အဦးအသစ်ဖြစ်သော လယ်ယာနှင့် ခြံထွက်သီးနှံများကို ဘုရားသခင်ထံ စုပေါင်းဆက်ကပ်အပ်နှံကြရာ သိက္ခာတော်ရဆရာတော်များက ဆုတောင်းဆက်ကပ်အပ်နှံပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

2075

 

ယင်းနောက် ဓမ္မတေးသီချင်းများ သီဆိုဆက်ကပ်ခြင်း၊ အလှူငွေများ ဆက်ကပ်ထည့်ဝင်ခြင်းနှင့် လူငယ်အဖွဲ့တို့က ရရှိသည့်အသီးအနှံတစ်ခုခြင်းစီအတွက် ကျေးဇူးတော် ချီးမွမ်းခြင်းကဗျာများ ရွတ်ဆိုကြသည်။ ဆက်လက်၍ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က တရားဒေသနာတော် ဟောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အသင်းတော်အတွက် အလှူငွေကျပ် ၃ သိန်းနှင့် ဘင်ခရာအဖွဲ့နှင့် ကဗျာရွတ်ဆိုသော လူငယ်အဖွဲ့တို့အား တစ်ဖွဲ့လျှင် ငွေကျပ် ၂ သိန်းစီကို ထောက်ပံ့ပေးအပ်ကာ အသင်းတော်မိသားစုများ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ ကောက်သစ်စားခြင်းအတွက် နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တပ်ကုန်းရပ်ကွက် ဂါလိလဲနှစ်ခြင်းအသင်းတော်ကျောင်း၌ ကောက်သစ်စား ကျေးဇူးတော်ချီးမွမ်းပွဲသို့ တက်ရောက်အားပေးခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)