မြစ်ကြီးနား ၂၇ အောက်တိုဘာ
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည်ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ နောင်နန်းကချင် ဓမ္မတက္ကသိုလ်၌ အုပ်ချုပ်ရေး ကော်မတီဝင် သိက္ခာတော်ရဆရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ယနေ့ နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် လက်ထောက်ကျောင်းအုပ်သိက္ခာတော်ရ ဒေါက်တာဦးမရူဘရန်ဆိုင်းကကျမ်းစာ ဖတ် အဖွင့်ဆုတောင်းပေးပြီး တက္ကသိုလ်ကျောင်းသား/ကျောင်းသူများက ဓမ္မကျောင်းသီချင်းဖြင့် သီဆိုကြကာ ကျောင်းအုပ်ကြီး သိက္ခာတော်ရဆရာတော်ဒေါက်တာဦးဇိန်ဟန်လတ်နောင်က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်အား ကချင်ရိုးရာမဂွန်းရှလစ်ကို ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအနေဖြင့် မည်သည့်ဘာသာ၊ မည်သည့်လူမျိုး ဖြစ်စေ ပြည်သူအကျိုးကို ရှေးရှုပြီး ဦးစားပေးကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ပြည်နယ်အတွင်းရှိ ခရိုင်(၄) ခရိုင်လုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံလိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ကင်းစင်ရေး၊ တရားဥပဒေစိုးမိုးနိုင်ရေး နှင့်ငြိမ်းချမ်းရေးလုပ်ငန်းများတွင် မိမိတို့နှင့်အတူ ပြည်သူအားလုံးက မတူကွဲပြားခြင်းများကိုဖယ်ရှားပြီး စည်းလုံးညီညွှတ်စွာဖြင့် အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရေးကိုတိုက်တွန်းလိုကြောင်း၊ ထိုအပြင် ဆရာ/ဆရာမများ အနေဖြင့်လည်း ကျွန်တော်တို့၏လူငယ်လူရွယ်များ အနာဂတ်ဘဝကောင်းမွန်ရေး၊ ပိုမို ကောင်းမွန်သည့် အနာဂတ်ကိုတည်ဆောက်နိုင်သူများဖြစ်လာစေရေးကို ဟောပြော သင်ကြားပေးကြ မည်ဟုယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော်ဦးလဗျပေါနော်အောင် ကပြည့်စုံဆုတောင်းပေးပြီး ကျောင်းသား/သူများကသံစုံဓမ္မတေးသီချင်းသီဆိုဆက်ကပ်ကြပြီး ပြည်နယ် ဝန်ကြီးချုပ်ကနောင်နန်းဓမ္မတက္ကသိုလ်အတွက် အလှူငွေကျပ်သိန်း ၂၀ ကို ပေးအပ်ခဲ့ကာ သိက္ခာတော်ရဆရာတော် ဦးမဒိန်ဖုန်းကျန်းက ကောင်းကြီးဆက်ကပ် ဆုတောင်းပေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ ပလန(၁)၊ပိတောက်မြိုင်လမ်း ပေ ၄၅၀ဝ ကို ကတ္တရာလမ်းအဖြစ် ခင်းကျင်းပေးနိုင်ရေးကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေညောင်ပင်ရပ်ကွက် အတွင်း ရွှေညောင်ပင်၊ကျွန်းပင်သာနှင့်ရမ်ပူရပ်ကွက်ချင်းဆက် ဒေသန္တရလမ်းကို ကတ္တရာလမ်းနှင့် တိုးချဲထပ်ပိုးလွှာခင်းကျင်း ဆောင်ရွက်မည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရသည်။
MDN


