ဒီးမော့ဆို ၃၀ ဇူလိုင်
ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီခွဲက ခူးပရာကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြည်နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေများဖြင့် သတ်မှတ်ဘဏ္ဍာနှစ်များအလိုက် ဆောင်ရွက်ပေးခဲ့ပြီး (၄)နှစ်တာကာလအတွင်း ကျပ်သန်းပေါင်း (၄၉၆၈.၂၄၀) ခန့်ကို ကျေးရွာ အုပ်စုအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ခူးပရားကျေးရွာတွင် သဘာဝပတ်ဝန်းကျင် အလှအပများစွာ ရှိသည့်အလျောက် သဘာဝ၏ လက်ဆောင်များကို အခြေခံ၍ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်စေလိုကြောင်း၊ ယခု ကျင်းပသော တွေ့ဆုံပွဲသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ပြ ဆွေးနွေးလိုကြောင်း ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြမှုကြောင့် လာရောက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ပြီး ဒေသခံများအနေနှင့် လိုအပ်ချက်၊ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ခူးပရာကျေးရွာအုပ်စုနှင့် ဒေါရောက်ခူကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအပေါ် တင်ပြဆွေးနွေးပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးဖြေကြားကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေါရောက်ခူကျောင်းထိုင် ဘုန်းတော်ကြီး ရွှေနှလုံးတော်ဘုရားရှိခိုးကျောင်း လျှပ်စစ်မီးသွယ်တန်းရန်အတွက် ငွေကျပ်(၃၀) သိန်း၊ ကုန်းသာလင်းကျေးရွာ ရေပိုက်သွယ်တန်းရန်အတွက် ငွေကျပ်(၁၅)သိန်း၊ ဘာတိုကျေးရွာ ခန်းမဆောင် အပြီးသတ် ဆောက်လုပ်နိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်း၊ ဒေါဝယ်ကူးကျေးရွာ စာသင်ကျောင်း ပြုပြင်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်(၃)သိန်း၊ ခူးပရာ(အထက်)ကျေးရွာ စာသင်ကျောင်းသို့ သွားသည့်လမ်း ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ်(၂၅)သိန်း၊ ဘီသူ(အထက်)ကျေးရွာ ရေရရှိရေးအတွက် ငွေကျပ် (၁၅)သိန်း၊ ဘီသူ(အောက်)ကျေးရွာအတွက် ရန်ပုံငွေကျပ် (၅)သိန်းနှင့် ဒေါရောက်ခူကျေးရွာ အတွက် လျှပ်စစ်မီတာ (၃)လုံး တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ကျေးရွာများက လက်ခံရယူပြီး ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ)ဥက္ကဋ္ဌ ဦးထွန်းကျော်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့တွေ့ဆုံပွဲသည် အားလုံးအတွက် အကျိုးရှိသည့် တွေ့ဆုံပွဲ တစ်ရပ်ဖြစ်ပြီး ဌာနများအနေနှင့် ရန်ပုံငွေများ လျာထားရန် လိုအပ်သည်များကို လျာထားဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်နယ်အစိုးရ အဖွဲ့အနေနှင့် ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုလည်း အကြောင်းပြန်ကြား ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ခေတ္တအတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)ဥက္ကဋ္ဌ ဦးထွန်းကျော် ခူးပရာကျေးရွာ အုပ်စုနှင့် ဒေါရောက်ခူကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူတိုင်းရင်းသားများ တက်ရောက်ကြသည်။
ရီရယ်(ဒီးမော့ဆို)