ဒီးမော့ဆို  ၁၇  မတ်

 

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဖြေဆိုနေမှုအား ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် အဖွဲ့သည် ဒီးမော့ဆိုမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ငွေတောင်) စာစစ်ဌာန၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဒေါတမငယ်) စာစစ်ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (ဒီးမော့ဆို) စာစစ်ဌာန တို့တွင် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဖြေဆိုနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို ပြင်ပမှဝင်ရောက်ဖြေဆိုနေသော မီးဖွားကျောင်းသူတစ်ဦးအား ကြည့်ရှုအားပေးကာ ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားပြီး လူနာ ၁၉ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝ ပေးအပ်ကာ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ် နှစ်သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဒီးမော့ဆိုမြို့နယ်၌ စာစစ်ဌာန ငါးခုရှိပြီး ရူပဗေဒဘာသာရပ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၆၉ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

 

ရီရယ်(ဒီးမော့ဆို)