ဒီးမော့ဆို ၂၈ ဖေဖော်ဝါရီ


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါ၍ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၃ နာရီက ဒီးမော့ဆိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်-ဒီးမော့ဆို မြို့နယ်ချင်းဆက်လမ်းအား လမ်းအကျယ် ၁၈ ပေမှ ၂၄ ပေထိ ကတ္တရာလမ်း တိုးချဲ့ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေနုတ်မြောင်းများ တူးဖော်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် ရေဆင်းကောင်းမွန်စေရေးအတွက် လမ်းဘေးနေအိမ်များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ ငွေတောင်ဆည်တွင် ယာဉ်ရပ်နားရန်နေရာနှင့် ဆည်တာပေါင်ရှိ မြေသားလမ်းအား ကွန်ကရစ်လမ်းသို့ အဆင့်မြှင့်တင်ခင်းခြင်းလုပ်ငန်း၊ ဆည်တာပေါင်တစ်လျှောက် မြေယာရှုခင်း ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆည်ပေါင်ဧရိယာတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှုမရှိစေရေး အများပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် ချပြရှင်းလင်းရန် လိုအပ်ပြီး မြေယာရှုခင်း ဆောင်ရွက်ရာတွင်လည်း သတ်မှတ်စံချိန်စံညွှန်းများအတိုင်း စနစ်တကျ ဖော်ဆောင်သွားရန် မှာကြားခဲ့သည်။


ထို့နောက် ဒီးမော့ဆိုမြို့နယ် မြို့နယ်ခန်းမ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခန်းမအတွက် လိုအပ်သော ဆက်စပ်လုပ်ငန်းများနှင့် ပရိဘောဂများအတွက် ရန်ပုံငွေများ လျာထားနိုင်ရေး၊ ခန်းမဆောင် အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပေါင်းစပ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားပြီး ခန်းမဆောင်အား ဘက်စုံအသုံးပြုနိုင်ရေး၊ အချိန်မီ အသုံးပြုခွင့်ရရှိရေး တာဝန်ရှိသူများအားလုံး ကြိုးပမ်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)