စစ်တွေ ၁၇ ဇူလိုင် 

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဦးဝင်းမြင့်နှင့်အတူ ယနေ့ညနေပိုင်းတွင် စစ်တွေမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။


    
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဆက်ရိုးကျချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရဲစခန်း တည်ဆောက်မည့်မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။


    
ထို့နောက် စစ်တွေမြို့ ကျေးတောအုပ်စု၊ ရွှေပြည်သာရွာတွင် တည်ဆောက်နေသည့် Sittwe Commercial Park စီမံကိန်းသို့ရောက်ရှိကြရာ စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ခံအင်ဂျင်နီယာ ဦးစိုးမိုးသူက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးသည်။


    
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆက်ရိုးကျကန်(၁) ကန်ဘောင်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ၆၆/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ ဆက်ရိုးကျ ဓာတ်အားခွဲရုံတည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။


    
ဆက်လက်၍ စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက် ရေတိုက်စားမှု၊ ကမ်းပြိုမှုများ မဖြစ်စေရေးအတွက် ကမ်းထိန်းနံရံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။ 

 

အောင်ရဲသွင်