နေပြည်တော် ဇန်နဝါရီ ၉
ပြည်ပ သင်တန်းအတွေ့အကြုံများအား မျှဝေဖလှယ်ပြီး ဌာန၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများတွင် ထည့်သွင်း အသုံးပြုနိုင်မည့်အချက်များ ဆွေးနွေးဖော်ထုတ်ခြင်းကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က မိမိတို့နိုင်ငံ၏လယ်ယာကဏ္ဍတွင် အရေးပါသည့် အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိသည့် ရေအရင်းအမြစ်များကို ရေရှည်တည်တံ့စေမည့် ရေစီမံခန့်ခွဲမှု များနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအမံများနှင့် မြစ်ချောင်းများ ရေထုစီးနှုန်း တိုင်းတာရာတွင် အခြေခံသဘောတရားများနှင့် ပတ်သက်သည့် ကျွမ်းကျင်မှုအတတ်ပညာများ၊ နည်းပညာ သစ်များကို ဝန်ကြီးဌာနအတွင်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံတွင် “ကဏ္ဍပေါင်းစုံရေစီမံခန့်ခွဲမှုအပေါ် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှု သင်တန်း” တက်ရောက်ခဲ့သည့် သင်တန်းသားက အိန္ဒိယနိုင်ငံ၏ မဲခေါင်-ဂင်္ဂါပူးပေါင်း အိန္ဒိယနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် ရေအရင်းမြစ်များ စီမံခန့်ခွဲမှုအခြေအနေများနှင့် ရေလှောင်တမံများဆိုင်ရာ (Dam Safety Act)ပြဋ္ဌာန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လာအိုနိုင်ငံတွင် “လာအိုနှင့် မြန်မာနှစ်နိုင်ငံ မဲခေါင်မြစ် ရေထုထည်စီးဆင်းနှုန်း (Discharge) တိုင်းတာခြင်း သင်တန်း” တက်ရောက်ခဲ့သည့် သင်တန်းသားနှင့် ဂျပန်နိုင်ငံတွင် “သဘာဝပတ်ဝန်းကျင် လေ့လာခြင်းဘာသာရပ်ဆိုင်ရာ မဟာဘွဲ့သင်တန်း” တက်ရောက်ခဲ့သူက ရေလှောင်တမံများ အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ဘေးလွတ်ကင်းရာနေရာများကို နည်းပညာဖြင့် ကြိုတင်တွက်ချက် ရေးဆွဲ နိုင်သည့် မြေပုံပြုစုထုတ်လုပ်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျော့ပါးနိုင်ရေးအတွက် အသုံးဝင်မည့် သင်တန်းဖြစ်ကြောင်း ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်း လင်းတင်ပြသည်။
တင်ပြချက်များကိုဒုတိယဝန်ကြီးနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများက နည်းပညာရပ်တစ်ချက်ချင်း အပေါ် ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)