ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်မရှိဘဲ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန် ဆောင်ရွက်ခဲ့သူများကို အရေးယူ

နေပြည်တော် ၁၄ ဖေဖော်ဝါရီ 

 


ထိုင်းနိုင်ငံသူ Miss Vena Phubut သည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ ရွှေမြန်မာမိုတယ်တွင် တည်းခို၍ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမား ၁၀၉ ဦးထံမှ ငွေကြေးများ တရားမဝင် ကောက်ခံခဲ့မှုအပေါ် Miss Vena Phubut နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သူ ဦးသန်းအောင်နှင့် ဦးသူရအောင်တို့ကို အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဖေဖော်ဝါရီ ၅ ရက်တွင် ရွှေပြည်သာမြို့မရဲစခန်း၌ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

 


အဆိုပါ Miss Vena Phubut သည် မြန်မာအလုပ်သမား ၁၀၉ ဦးထံမှ တစ်ဦးလျှင် ငွေကျပ် ၅၅၀၀၀၀ မှ ငွေကျပ်ခြောက်သိန်းအထိ ဦးသန်းအောင်နှင့် ဦးသူရအောင်တို့၏အကူအညီဖြင့် ကောက်ယူခဲ့သည်။ ဇန်နဝါရီ ၃၀ ရက်တွင် အလုပ်သမားများအား ဒဂုံလှိုင်ဆေးခန်း၌ ဆေးစစ်၍ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်ရာတွင် ဆေးကျအလုပ်သမား ၁၆ ဦးရှိ၍ ကျန်အလုပ်သမားများကိုပါ သဘောတူစာချုပ် ချုပ်ဆိုပေးမှုမရှိ၍ အလုပ်သမား ၃၆ ဦးက တိုင်ကြားခဲ့ရာမှ ယခုကဲ့သို့  စိစစ်ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။

 


ယင်း Miss Vena Phubut နှင့် ဦးသူရအောင်တို့အား ရွှေပြည်သာ မြို့မရဲစခန်းမှ ဖမ်းဆီးထားပြီး ဦးသန်းအောင်အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။          

             


ထိုင်းနိုင်ငံသူ Miss Vena Phubut သည် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၄ ခုနှင့် ပူးပေါင်း၍ အလုပ်သမားများကို ခေါ်ယူခဲ့ကြောင်း စိစစ်သိရှိရမှုအပေါ် ဆက်လက်စိစစ်လျက်ရှိပြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနအနေဖြင့် ပြည်ပသို့အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်ဆောင်ရွက်ရန် ခွင့်ပြုချက်မရှိဘဲ အလုပ်သမားများကို တရားမဝင် စုဆောင်းခြင်း၊ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်သူများကို ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၈ ရက်အထိ ၁၃၇ ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

 


(သတင်းစဉ်)