နေပြည်တော် ဇန်နဝါရီ ၂၄
ပြည်ပအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများသို့ တက်ရောက်လေ့လာခဲ့ကြသော ဝန်ထမ်းများ၏ သင်ယူလေ့လာနိုင်မှု စွမ်းရည်များကို အကဲဖြတ်နိုင်ရန်နှင့် ယင်းတို့၏ အတွေ့အကြုံများ၊ နည်းပညာဗဟုသုတများ ပြန်လည်မျှဝေနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပြည်ပအတွေ့အကြုံ ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်ပအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲကို ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဉီးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြည်ပဆွေးနွေးပွဲတက် ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များနှင့် သင်တန်းတက်ရောက်ခဲ့ကြသူများအနေဖြင့် အတွေ့အကြုံ ရှင်းပြရုံ သက်သက်မျှမဟုတ်ပဲ ကိုယ်တိုင်ထိုးထွင်းသိမြင်တတ်မှု၊ သုံးသပ်ဆင်ခြင်တတ်မှု၊ တီထွင်ဖန်တီးနိုင်မှုတို့ဖြင့် မိမိတို့တာဝန်ယူထားကြ သည့်ကဏ္ဍများမှနေ၍ စိုက်ပျိုးမွေးမြူရေးကဏ္ဍကြီး ပြောင်းလဲတိုးတက်ရေးကြိုးပမ်းမှုတွင် တစ်ထောင့်တစ်နေရာက ပါဝင်အကျိုးပြုသွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။
အတွေ့အကြုံရှင်းလင်းပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ” အတွေ့အကြုံ၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်သည့်နိုင်ငံများနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာနှီးနှောဖလှယ်ပွဲ” အတွေ့အကြုံများ၊ ဖိလစ်ပိုင်နိုင်ငံတွင် တက်ရောက် လေ့လာခဲ့သည့် “အစားအစာများတွင် ဆေးကြွင်းများ၏ ဘေးအန္တရာယ် ဖြစ်နိုင်မှုအား စောင့်ကြည့်စစ်ဆေးခြင်းဒေသဆိုင်ရာသင်တန်း၊ ဂျပန်နိုင်ငံသို့ သွားရောက်ဆည်းပူး ခဲ့သည့် “အစားအစာသိပ္ပံနှင့် ဇီဝနည်းပညာ ဘာသာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့ သင်တန်း”၊ “စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးငါးလုပ်ငန်းဆိုင်ရာ မဟာသိပ္ပံဘွဲ့ သင်တန်း” နှင့် “ ဇီဝသိပ္ပံနှင့်ဇီဝ နည်းပညာဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်း” အတွေ့အကြုံများ၊ လေ့လာခဲ့သည့် ဘာသာရပ်အလိုက် နည်းပညာများနှင့် မြန်မာနိုင်ငံတွင် လက်တွေ့အကျိုး ရှိစွာအသုံးချနိုင်မည့် နည်းပညာရပ်ဆိုင်ရာ သုံးသပ်ချက်များကို သက်ဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့် ပညာတော်သင် ဝန်ထမ်းများက ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆွေးနွေးပွဲတက်ရောက်လာကြသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


