နေပြည်တော် ၂၇ ဩဂုတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်တွင် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနေသော လယ်ယာထွက်ကုန် သီးနှံများကို ဝယ်ယူနေကျ ပြည်ပနိုင်ငံများမှ ဝယ်ယူခြင်းမရှိသည့် အချိန်တွင် ဈေးကွက်မပျက်စေရန် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဈေးကွက်ခိုင်မာရေးအတွက် လိုအပ်သည်များကို ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချသော လယ်ယာထုတ်ကုန်သီးနှံများ ဈေးကွက်မပျက်စေရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ဖြေကြားရမည်ဆိုလျှင် ဆန်နှင့်ပတ်သက်၍ ဈေးကွက်အသစ်များအဖြစ် ဖိလစ်ပိုင်၊ မိုဇမ်ဘစ်နှင့် တရုတ်နိုင်ငံသို့ ပင်လယ် ရေကြောင်းမှ တင်ပို့မှုကို ထပ်မံရရှိထားပါကြောင်း၊ ပဲတီစိမ်းနှင့်ပတ်သက်ပြီး တရုတ်၊ ဗီယက်နမ်ဈေးကွက်ကို ထပ်မံရရှိခဲ့ပြီး အထည်ချုပ်လုပ်ငန်းနှင့်ပတ်သက်၍ ဥရောပ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန်ဈေးကွက်များကို ရရှိထားပါကြောင်း၊ ပြည်ပ ဈေးကွက် ခိုင်မာရေးအတွက် မိမိတို့ထွက်ကုန်များသည် တင်သွင်းသူများ၏ သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်း များနှင့် ကိုက်ညီမှုရှိရေးသည်လည်း လွန်စွာအရေးကြီးလှပါကြောင်း၊ ကောင်းမွန်သော လယ်ယာစိုက်ပျိုးမှု နည်းလမ်း ကောင်းများအသုံးပြုရေး၊ နောက်ကြောင်းပြန် ခြေရာခံနိုင်ရေးနှင့် မိမိနှင့် ယှဉ်ပြိုင်ရောင်းချသည့် နိုင်ငံများ၏ ပို့ကုန်များ အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှသာ ဈေးကွက်သည် ခိုင်မာပြီး ဈေးကွက်သစ်များကိုလည်း ပိုမိုထိုးဖောက်နိုင်မည် ဖြစ်ပါကြောင်း။
အရည်အသွေးကောင်းပြီး တန်ဖိုးမြှင့်ပို့ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် မျိုးသန့်ခြံများ၊ တောင်သူအစုအဖွဲ့အလိုက် မျိုးစေ့ထုတ်အသင်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ် ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ဒေသရေမြေနှင့် ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံပုံစံ (Cropping Pattern)များ ဖြစ်ပေါ်စေရန် တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် သီးနှံလေလွင့်ဆုံးရှုံးမှုများ လျော့နည်းစေရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ သီးနှံများ၏ အရည်အသွေး ကောင်းမွန်စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ပြည်ပသို့တင်ပို့ရန် အလားအလာကောင်းသော သီးနှံ ၁၅ မျိုးကို GAP စနစ် အသုံးပြုစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် GAP Guideline ကို ထုတ်ပြန်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
ဈေးကွက်ရရှိရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ကိုတာရရှိရေးကို ဆောင်ရွက်ခဲ့သည့်အပြင် ဆန်ကွဲကိုပါ ကိုတာမရှိဘဲ တင်ပို့ရောင်းချနိုင်ရေး၊ မြန်မာနိုင်ငံမှ ဆန်စက်များကို ဝယ်ယူသည့်နိုင်ငံများက လက်ခံနိုင်မည့် အရည်အသွေး စစ်ဆေးပေးခြင်း၊ ကျွဲ၊ နွား တင်ပို့ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်ခြင်းနှင့် တစ်သျူးငှက်ပျောနှင့် ပိုးအိမ်များ တင်ပို့နိုင်ရေးအတွက် ပိုးမွှားကျရောက်နိုင်မှု ဆန်းစစ်ချက်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပေါင်းစပ် ညှိနှိုင်း၍ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကောင်းရရှိရေး၊ ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ရေးနှင့် ဈေးကွက်သစ်များ တိုးချဲ့တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်အသင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့် စဉ်ဆက်မပြတ် ထိတွေ့၍ လိုအပ်သည့် အကူအညီများကို ဖြည့်ဆည်း ပေးခြင်း၊ အခက်အခဲများကို ပေါင်းစပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်သည် အစိုးရ အနေဖြင့် ဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်သည့် လုပ်ငန်းမျိုးကို ဆောင်ရွက်၍မရဘဲ ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုကိုသာ အားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမား အကျိုးကာကွယ်ရေးဥပဒေအရ တောင်သူများ၏ ထုတ်လုပ်သည့် လယ်ယာထွက်ကုန်များ သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိရန် လယ်ယာထွက်ကုန် စီမံခန့်ခွဲရေး အဖွဲ့ကို ဖွဲ့စည်းထားရှိပြီး လယ်ယာထွက်ကုန်များကို ဈေးနှုန်းအလွန်အမင်း ကျဆင်းသည့်အခါ နိုင်ငံတော်က ဝယ်ယူရန် လိုအပ်ပါက ဝယ်ယူနိုင်ရန် ရန်ပုံငွေတစ်ရပ်ကို လှည့်လည်ရန်ပုံငွေမှ ထုတ်ယူပြီး သီးသန့်ထားရှိပါကြောင်း၊ ထို့အပြင် ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုရေး လုပ်ငန်းကော်မတီကိုလည်း အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပူးပေါင်းဖွဲ့စည်း ၍ ဈေးကွက်ကို စောင့်ကြည့်ပြီး တောင်သူလယ်သမားများအတွက် သင့်တင်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ရရှိရေးအတွက်ကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ သုံးသပ်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့်အညီ အခြေခံဈေးနှုန်း ကြေညာ ပေးခြင်းစနစ်ကို မည်သို့ စီစဉ်ထားပါသနည်း၊ ဦးဆောင်အဖွဲ့အစည်း ခေါ်ယူကျင်းပပါသလား။ အခြေခံ ဈေးအောက်ရောက်ပါက ဝယ်ယူရေး အစီအစဉ်ကို မည်သို့လုပ်ဆောင်သွားရန် ပြင်ဆင်ထားခြင်းကို သိရှိလိုကြောင်း ဆက်စပ်မေးခွန်းနှင့် စပ်လျဉ်း၍ တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့်တင်ရေးဥပဒေအရ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်း ထားရှိရပါကြောင်း၊ လယ်ယာထွက်ကုန် စီမံခန့်ခွဲရေးအဖွဲ့သည် လယ်ယာထွက်ကုန်များ မည်မျှထွက်ရှိပြီး တစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ် မည်မျှရှိသည်ကို အမြဲတမ်း လေ့လာသုံးသပ်နေပါကြောင်း၊ မကြာခင်က ဖွဲ့စည်းခဲ့သည့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီသည် အစိုးရဌာနများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပူးပေါင်းဖွဲ့စည်း ထားခြင်းဖြစ်ပြီး ၎င်းအဖွဲ့ကမှ ဈေးနှုန်းအခြေအနေ၊ ထုတ်လုပ်မှု အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာသွားမည် ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့မှနေ၍ ဦးဆောင်ကော်မတီကို အခြေခံဈေးနှုန်းမည်မျှ ဖြစ်သင့်သည်ကို အကြံပြုပြီးတင်ပြရမည် ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းသုံးသပ် အကြံပြုရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ အစည်းအဝေးကို ယခုလ ၃၀ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပါကြောင်း၊ ၎င်းအစည်းအဝေး ပြီးသည့်အခါ လေ့လာသုံးသပ်ပြီး ဦးဆောင်ကော်မတီကို အခြေခံဈေးနှုန်းနှင့် ထုတ်လုပ်မှုကုန်ကျ စရိတ်မည်မျှ ဖြစ်သင့်သည်ကို အကြံပြုတင်ပြမည် ဖြစ်ပါကြောင်း၊ ထိုအကြံပြုချက်အပေါ်တွင် အခြေခံပြီး တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနှင့် မြှင့်တင်ရေး ဦးဆောင်ကော်မတီအနေဖြင့် လိုအပ်သည့် လမ်းညွှန်မှုများကို ပြုလုပ်ပေးသွားရန် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
MDN
Credit; ပြည်သူ့လွှတ်တော်