ပြည်ပဈေးကွက်တွင် အလားအလာကောင်းသည့် ဒန့်သလွန်ပင်အား တိုးချဲ့စိုက်ပျိုးနိုင်စေရန် ဆောင်ရွက်နေ

မန္တလေး  ၂၆  သြဂုတ် 


ဒန့်သလွန်ပင်မှ ထွက်ရှိသည့် အစေ့အရွက်များအား ပြည်ပနိုင်ငံများမှ ဝယ်ယူမှုများရှိလာသည့်အပြင် ဈေးနှုန်းမှာလည်း ကောင်းမွန်ခြင်းကြောင့် ပြည်ပဈေးကွက် အလားအလာကောင်းသည့် သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးနိုင်စေရန် လုပ်ဆောင်လျက်ရှိကြောင်း ဒန့်သလွန်၊ ရဲယို စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့ထံမှ သိရသည်။


အဆိုပါ ဒန့်သလွန်ပင်သည် အပူပိုင်စွတ်စိုသော မည်သည့်ဒေသတွင်မဆို စိုက်ပျိုးနိုင်သော နှစ်ရှည်သီးနှံပင် ဖြစ်သည့်အပြင် အပင်မှထွက်ရှိသည့် အရွက်နှင့်အစေ့တို့ကို ပြည်ပနိုင်ငံများဖြစ်သော တရုတ်၊ ဂျာမနီ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ဝယ်ယူမှုများရှိလာပြီး ဈေးနှုန်းလည်း အဆင်ပြေစွာ ရရှိနေခြင်းကြောင့် စိုက်ပျိုးသင့်သော သီးနှံတစ်ခုဖြစ်ကြောင်း အဆိုပါအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းအောင်က ပြောသည်။


''ဒန့်သလွန်ပင်ကထွက်ရှိတဲ့ အရွက်ကို ကြိတ်ပြီးအမှုန့် ထုတ်လုပ်ရောင်းချနိုင်သလို အစေ့ကိုလည်း ရောင်းချနိုင်တဲ့အပြင် အခုဆိုရင် ဒန့်သလွန်ဆေးတောင့်ကိုပါ ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ ဒီလိုဈေးကွက် အလားအလာကောင်းတဲ့ သီးနှံဖြစ်တဲ့အတွက် ဒန့်သလွန်၊ ရဲယို စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ကို ဖွဲ့စည်းပြီး အဖွဲ့အနေနဲ့ စိုက်ပျိုးမှု တိုးတက်များပြားလာအောင် လုပ်ဆောင်လျက်ရှိတဲ့အပြင် စိုက်ပျိုးမှုနဲ့ ပတ်သက်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို အကူအညီပေးနေသလို ပြည်ပကို ပုံမှန်တင်ပို့နိုင်ရေးအတွက်လည်း ချိတ်ဆက်ဆောင်ရွက်နေပါတယ် '' ဟု ၎င်းက ဆက်လက်ပြောဆိုသည်။


ဒန့်သလွန်ပင်ကို အိန္ဒိယမျိုး၊ ဗီယက်နမ်မျိုးနှင့် မြန်မာမျိုးဟူ၍ အမျိုးအစား သုံးမျိုးစိုက်ပျိုးနိုင်ပြီး အိန္ဒိယမျိုးနှင့် ဗီယက်နမ်မျိုးများအား စိုက်ပျိုးပါက တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းနှင့် သိန်း ၂၀ ဝန်းကျင်ကုန်ကျကာ မြန်မာမျိုးမှာ ကျပ် ၅ သိန်းမှ ၁၀ သိန်းခန့်သာ ကုန်ကျပြီး နှစ် ၃၀ အထက် သက်တမ်းရှိသဖြင့် ရေရှည်ဝင်ငွေ ရရှိသည့် သီးနှံဖြစ်ကြောင်း သိရသည်။


ဒန့်သလွန်ပင်မှ အနက်ရောင်၊ ကော်ဖီရောင်၊ အဖြူရောင် စသည့်ဖြင့် အစေ့အမျိုးအစားများ ထွက်ရှိပြီး အရောင်အလိုက်ဈေးကွာခြားမှုရှိကာ အနက်ရောင်မှာ ဈေးအကောင်းဆုံးဖြစ်သည်။ ယခုအခါ ဒန့်သလွန်ဆီ၊ ဒန့်သလွန် ဆေးတောင့်၊ ဒန့်သလွန်ကြိတ်ဖတ်နှင့် အခြားသော အဆင့်မြင့်ထုတ်ကုန်များကိုလည်း တိုးချဲ့ထုတ်လုပ်လျက်ရှိပြီး ဈေးကွက်အနေအထားမှာလည်း ကောင်းမွန်ကြောင်း သိရသည်။


ဒန့်သလွန်ဈေးကွက်အနေဖြင့် အရွက်တစ်ကီလိုလျှင် ၂၀ဝ၀ဝ မှ ၄၀ဝ၀ဝ ကျပ်၊ အရွက်သီးသန့်ဖြင့် ထုတ်လုပ်သော အမှုန့်တစ်ကီလိုလျှင် ၅၀ဝ၀ဝ ကျပ်၊ ဒန့်သလွန်အရိုးနှင့် အရွက်ပါဝင်သော အမှုန့် တစ်ကီလိုလျှင် ၂၀ဝ၀ဝ မှ ၃၀ဝ၀ဝ ကျပ်၊ ဒန့်သလွန်အစေ့(အိန္ဒိယ) တစ်စေ့လျှင် ၇၀ ကျပ်မှ ၁၀ဝ ကျပ်၊ ဒန့်သလွန်အစေ့(မြန်မာ) တစ်စေ့လျှင် ၂၅ ကျပ်မှ ၃၀ ကျပ်၊ ဒန့်သလွန်သီးတစ်တောင့်လျှင် ၁၀ဝ ကျပ်ရှိကြောင်းနှင့် ဒန့်သလွန်ပင် အများဆုံးစိုက်ပျိုးသည့်ဒေသများမှာ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် အညာဒေသများတွင် အများဆုံးစိုက်ပျိုးပြီး တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ဧက ၅၀ဝ မှ ၁၀ဝ၀ ခန့်ရှိကြောင်း သိရသည်။ 


မင်းထက်အောင် (မန်းကိုယ်ပွား)

 

99211