နေပြည်တော် နိုဝင်ဘာ ၁၁
ငါးမွေးမြူရေးလုပ်ငန်းသုံး အစာကုန်ကြမ်းနှင့် ငါးအစာတောင့်လုပ်ငန်းတွင် အသုံးပြုရန် ပြည်တွင်းပဲပုပ်ဖတ်နှင့် အခြားသောကုန်ကြမ်းများ အစားထိုးအသုံးပြုနိုင်ရန်နှင့် လိုအပ်သောအစာ ဖြည့်စွက်ဆေးဝါးများ တင်သွင်းရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ငါးမွေးမြူသူများအသင်း၊ ငါးအစာထုတ်လုပ်သူများအသင်းများမှ တာဝန်ရှိသူများ၊ မွေးမြူရေးအစာ ကုန်ကြမ်းတင်သွင်းလိုသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ငါးမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ငါးပုစွန်မွေးမြူရေးလုပ်ငန်း၏ စုစုပေါင်းကုန်ကျစရိတ် ရာခိုင်နှုန်း ၆၀ မှ ၇၀ သည် ငါးပုစွန်အစာတန်ဖိုးဖြစ်သည့်အတွက် မွေးမြူရေးလုပ်ငန်းများ အောင်မြင်စေရန် အစာကုန်ကြမ်းများကို ပြည်တွင်း၌ လုံလောက်စွာရရှိရန် လိုအပ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ငါးပုစွန်အစာထုတ်လုပ်မှုလုပ်ငန်း၌ အရည်အသွေး ကောင်းမွန်သော သိပ္ပံနည်းကျ ဖော်စပ်ထုတ်လုပ်မှုများဖွံ့ဖြိုးလာရေး၊ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေး အတွက် ပြည်ပကုန်ကြမ်း တင်သွင်းမှုကိုလျှော့ချပြီး ပြည်တွင်းမှ ကုန်ကြမ်းများကို ပိုမိုအသုံးပြုနိုင်ရေး ဆွေးနွေးကြ ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်


