ရန်ကုန်၊  ၇  ဒီဇင်ဘာ

 

ပြည်ပမှ နှမ်းကုန်ကြမ်းနှင့် မြေပဲကုန်ကြမ်း တင်သွင်းခွင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောတူညီချက်ရရှိပါက မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်(MIC) မှ ခွင့်ပြုမိန့်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

 

"ကျွန်တော်တို့အနေနဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုရင် ကျွန်တော်တို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ သဘောထား တောင်းပါတယ်၊ နောက်တစ်ခါ ပဲမျိုး နှမ်းစတဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ ဖြစ်တယ်ဆိုရင် စိုက်ပျိုးရေး ဝန်ကြီးဌာနကို သဘောထား တောင်းပါတယ်၊ အဲတော့ ဒီ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ မှတ်ချက်တွေ သဘောထားတွေ ရပြီဆိုရင် ကျွန်တော်တို့ ဆောင်ရွက်ပေးပါတယ်၊ ခွင့်ပြုပေးပါတယ်"ဟု  ဦးသန့်စင်လွင် က ပြောသည်။

 

သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့်လည်း ​မြေပဲ၊ နှမ်း ပြည်တွင်း၌ ထုတ်လုပ်မှုအခြေအနေ၊ ပြည်တွင်းထုတ်ကုန်များ၏ ရာသီချိန် ဟုတ်မဟုတ်၊ ပြည်ပတင်သွင်းသည့် ပစ္စည်းများသည် မြန်မာနိုင်ငံနှင့် သင့်တော်မှု ရှိမရှိ စသည်ဖြင့် ဆန်းစစ်ပြီး သဘောထားမှတ်ချက် ပြန်ပေးကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများက သဘောတူပါက MIC မှ ခွင့်ပြုမိန့် ထုတ်ပေးကြောင်း ၎င်းက ဆက်ပြောသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက Maha Nyi Ahko ကုမ္ပဏီသည် Contract Manufacturing Process (CMP) စနစ်ဖြင့် စီးပွားဖြစ်စတင်ပြီး တတိယနှစ်တွင် လုပ်ငန်းဆောင်ရွက်ရန် နှမ်းကုန်ကြမ်း တန် ၁၀၅၀၀ နှင့် မြေပဲကုန်ကြမ်း တန် ၃၂၀၀၀ အား(ကုန်ချောထုတ်လုပ်ရာတွင် ၂၀ ရာခိုင်နှုန်း ဘေးထွက်ပစ္စည်းထွက်ရှိမှု Norm နှင့်အတူ) ပြည်ပမှ အခွန်အကောက် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုရန် တင်ပြထားသည်။

 

အဆိုပါ တင်သွင်းခွင့်နှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံ သဘောထားမှတ်ချက် ပြန်လည်တောင်းခံခဲ့သည်။

 

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အနေဖြင့်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်က နှမ်းနှင့် မြေပဲ အဓိကစိုက်ပျိုးသည့် တိုင်းဒေသကြီးများမှ  ကုန်စည်ဒိုင်များကို သဘောထားမှတ်ချက် ပြန်လည် တောင်းခံခဲ့ရာ  ပြည်ပမှ နှမ်းကုန်ကြမ်းနှင့် မြေပဲကုန်ကြမ်း တင်သွင်းခွင့်မပြုရန် သဘောထားမှတ်ချက်ပြုခဲ့သည်။

 

လွန်ခဲ့သည့် သုံးနှစ်ဝန်းကျင်ကလည်း ပြည်ပမှ နှမ်းကုန်ကြမ်း တင်သွင်းရန် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံသို့ သဘောထားမှတ်ချက်တောင်းခံခဲ့ကြောင်း၊ အသင်းအနေဖြင့်လည်း မြေပဲနှင့် နှမ်းတို့သည် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများဖြစ်သည့်အတွက် တင်သွင်းရန် မသင့်ကြောင်း အကြောင်းပြန်ကြားခဲ့ကြောင်း အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။

 

သို့သော် ဥပဒေ လုပ်ထုံးလုပ်နည်းများအရ MIC ခွင့်ပြုချက်ဖြင့် ပြည်ပမှ ကုန်ကြမ်း တင်သွင်းပြီး ကုန်ချောအဖြစ် ထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်ပို့ဆောင်ရန် ဥပဒေ ရှိသည့်အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းအနေဖြင့် ပြော၍မရကြောင်း ၎င်းက ဆက်ပြောသည်။

 

အဆိုပါ သဘောထားမှတ်ချက်အား ပြန်ကြားနိုင်ရေးအတွက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းရှိ အသင်းသားများထံ သဘောထား မေးမြန်းရာတွင်လည်း မြန်မာ့မြေပဲနှင့် နှမ်းများသည် မျိုးရိုးဗီဇ ပြုပြင်မထားသည့် မူရင်းမျိုးများဖြင့် ပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲမှု မရှိဘဲ မြန်မာနိုင်ငံတစ်ဝန်း( ဧရာဝတီ မြစ်ကမ်းရိုးတစ်လျှောက် အပါအဝင်)တွင် ရာသီမရွေး စိုက်ပျိုးထုတ်လုပ် ထားနိုင်ခြင်းကြောင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ စသည့်နိုင်ငံများမှ များစွာကြိုက်နှစ်သက်၍ စျေးကောင်းပေးကာ ဝယ်ယူသုံးစွဲလျှက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအား အထူးအခွင့်ရေးပေး၍ တခြားနိုင်ငံများထက် အခွန်သက်သာခွင့်များပေးကာ တင်သွင်းခွင့်ပြု ထားကြောင်း သိရသည်။

 

သို့ဖြစ်၍ ပြည်ပမှ နှမ်းနှင့် မြေပဲကုန်ကြမ်းများ အခွန်အကောက်ကင်းလွတ်ခွင့်ဖြင့် တင်သွင်း၍ ကုန်ချောထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းကိစ္စသည် မြန်မာ့နှမ်းနှင့် မြေပဲ အဓိက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ၏ အကျိုးစီးပွားအပေါ် သက်ရောက်နိုင်မှု  အခြေအနေရှိနေကြောင်း သိရသည်။

 

ထို့ပြင် ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း( မန္တလေးကုန်စည်ဒိုင်)အနေဖြင့်လည်း မိမိတို့နိုင်ငံတွင် သဘာဝအတိုင်း နှမ်း မြေပဲများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့်အတွက် နိုင်ငံတကာစျေးကွက်တွင် အရည်အသွေးကောင်းမွန်သော သီးနှံအမျိုးအစားဖြင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်လျှက်ရှိကြောင်း၊ စျေးကွက်စီးပွားရေးစနစ် ပြောင်းလဲသည့်အချိန်မှစ၍ မန္တလေး ကုန်စည်ဒိုင်မှ ပြည်တွင်းထွက်ကောက်ပဲသီးနှံများ၏ ၇၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ စျေးကောင်းကောင်းဖြင့် နေ့စဉ်ကားကြီးကားငယ်ရာချီ၍ နယ်စပ်ကုန်သွယ်ရေးသို့ ပို့ဆောင်ရောင်းဝယ်ခဲ့​ကြကြောင်း၊ နှစ်ပေါင်းများစွာကပင် တရုတ်လိုင်းကို အဓိကထား လုပ်ကိုင်ခဲ့ရာ နိုင်ငံတော်လည်း အခွန်အခများ ရရှိပြီး တောင်သူများ၊ ကုန်သည်များလည်း အကျိုးများစွာ ရရှိကြောင်း၊ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှု အစ ရက်ပိုင်းမျှသာ ကုန်သွယ်မှု ခေတ္တရပ်စဲခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ပို့ဆောင်ခဲ့ကြရ၍ ယခုအချိန်ထိပင် အရောင်းအဝယ် ပြုလုပ်နေကြကြောင်း သိရသည်။

 

ထို့ကြောင့် တစ်ဦးတစ်ယောက်တစ်ဖွဲ့ ကုမ္ပဏီ တစ်ခုအနေဖြင့် ပြည်ပနိုင်ငံများမှ ပစ္စည်းများ တင်သွင်းရာတွင် ၎င်းတို့တင်သွင်းသော ပစ္စည်းအရည်အသွေးမှာ မြန်မာနိုင်ငံ ထွက်ကုန်ပစ္စည်းများ၏ အရည်အသွေးကို မမီခြင်း၊ စျေးသက်သာခြင်း၊ လိုအပ်သည်ထက် အရေအတွက် များပြားနေသဖြင့် တစ်ဖက်နိုင်ငံမှ ဝယ်လိုအား နည်းသွားနိုင်သောကြောင့် ပုံမှန်ရောင်းဝယ်နေသော စျေးကွက် ပျက်သွားနိုင်ကြောင်း၊ ထို့ပြင် ၎င်းပစ္စည်းများနှင့် မြန်မာကုန်ပစ္စည်းအချို့ ရောနှောတင်ပို့လျှင် အရည်အသွေးကောင်းမွန်သော မြန်မာမျိုးရင်း သီးနှံများ၏ စျေးကွက်ပျက်နိုင်၍ မြန်မာနိုင်ငံမှ တောင်သူကြီးများ၏ အကျိုးစီးပွား ထိခိုက်လာနိုင်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံထွက် သီးနှံများကို စျေးနှိမ်ဝယ်ယူခြင်း ဝယ်ယူမှုမပြုတော့ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ စီးပွားရေးတံခါးဖွင့် ရောင်းဝယ်မှုကို ကြိုဆိုသော်လည်း နောင်အချိန်တွင် နိုင်ငံတော်နှင့် ပြည်သူအကျိုး၊ တောင်သူနှင့် ကုန်သည်များအကျိုးစီးပွားကို ထိခိုက်နိုင်၍ နှမ်းနှင့်မြေပဲ ကုန်ကြမ်းများကို ပြည်ပမှ တင်သွင်းမှု မပြုသင့်ကြောင်း ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း( မန္တလေးကုန်စည်ဒိုင်)မှ အကြံပြုထားသည်။

 

သို့ဖြစ်၍ ယခုကဲ့သို့ နှမ်းနှင့် မြေပဲ ကုန်ကြမ်းများ တင်သွင်းမှုပြုလုပ်မည့်အစား ပြည်တွင်း၌ မြေကွက် မြေရိုင်းများ ဖော်ထုတ်၍ တောင်သူများနှင့် အကျိုးတူပူးပေါင်းပြီး Contract Farming စနစ်ဖြင့် စီးပွားဖြစ် စိုက်ပျိုးပါက အရည်အသွေးကောင်းမွန်သော သီးနှံများရရှိကာ သီးနှံအထွက် ကောင်းမွန်သည့်အပြင် စျေးကောင်းရရှိပြီး နှစ်ဦးနှစ်ဘက် အကျိုးဖြစ်နိုင်ကြောင်း  ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်း( မန္တလေးကုန်စည်ဒိုင်)မှ အကြံပြုတင်ပြထားသည်။

 

ငြိမ်းငြိမ်း