နေပြည်တော် ၁၁ အောက်တိုဘာ
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ဝါရှင်တန်မြို့နှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် အမေရိကန်ပြည်ထောင်စုမှ (၄၉)ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ(၆၀)၊ မြန်မာ နိုင်ငံသား စုစုပေါင်း (၁၀၉) ဦး လိုက်ပါခဲ့ကြပါသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့် စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၇)ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇)ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ အမေရိကန်ပြည်ထောင်စုရောက် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအတွက် ရည်ရွယ်လျက် ကိုးရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ကယ်ဆယ်ရေးလေယာဉ် (၆) ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


