မော်လမြိုင်   ၈   ဇွန်

 

မွန်ပြည်နယ်မှာ ပြည်ပနိုင်ငံအသီးသီးကနေ ပြန်လည်ဝင်ရောက်လာတဲ့ နေရပ်ပြန်ပြည်သူတွေကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီးနောက် Negative ပြတဲ့ သူတွေကို သက်ဆိုင်ရာ မြို့နယ်တွေက ရပ်ကွက်ကျေးရွာတွေမှာ Quarantine ဝင်ဖို့ ပြန်လည်စေလွှတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

 

“မြဝတီကနေပြီးတော့ ကြိုလာတယ်၊ မော်လမြိုင်တက္ကသိုလ်က (၁၀)မြို့နယ်အဆောင်မှာ Quarantine အရင်ထားတယ်၊ တစ်ပတ်၊ ဆယ်ရက်လောက်ကြားမှာပေါ့။ တို့ပတ်နမူနာယူပြီး ဓါတ်ခွဲစစ်ဆေးတယ်ပေါ့၊ စစ်ဆေးပြီး Negative ပြတဲ့ သူတွေကို သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာရှိတဲ့ ကျေးရွာတွေက Quarantine Centre ပြန်ပို့တယ်၊ အဲဒီမှာနေတဲ့သူတွေက မော်လမြိုင်မှာနေတဲ့ ရက်နဲ့ ရွာမှာနေတဲ့ ရက်ပေါင်းလိုက်ရင် ၂၁ ရက်အပြည့်နေရမယ်။” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က ပြောသည်။

 

ပြည်ပနိုင်ငံတွေကနေ ပြန်လာတဲ့ ပြည်သူတွေကို မော်လမြိုင်မြို့မှာ ရှိတဲ့ ၁၀ မြို့နယ်ဆောင်မှာ တစ်ပတ် ဆယ်ရက်အတွင်း အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်တို့ကို စစ်ဆေးပြီး Negative ပြတဲ့သူတွေကို သက်ဆိုင်ရာမြို့နယ်တွေမှာ Quarantine (၂)ပတ်ဝင်ဖို့အတွက် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။

 

အဲဒီရပ်ကွက်ကျေးရွာတွေမှာ Quarantine ဝင်တဲ့သူတွေ ၂ ပတ်မပြည့်မီ ၅ ရက်အလိုမှာ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်တို့ကို ယူပြီး ပိုး ရှိ၊ မရှိကို ထပ်မံစစ်ဆေးပေးသွားမယ်လို့ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ဆိုပါတယ်။

 

“ကျွန်တော်တို့ဆီမှာ ၁၄ ရက်နေရမယ်၊ ၁၄ ရက်မပြည့်ခင် ၅ ရက်အလိုလောက်မှာ မြို့နယ်ဆရာဝန်ကြီးရဲ့ အစီအစဉ်နဲ့ သူတို့ကို နောက်ထပ်တစ်ကြိမ် အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်ယူပြီး ရောဂါ ရှိ၊ မရှိ ထပ်မံ စစ်ဆေးပေး သွားမှာဖြစ်ပါတယ်။ Negative ဖြစ်လို့ ၂၁ ရက်ပြည့်တဲ့ အခါမှာ သူတို့နေအိမ်တွေမှာ Home Quarantine (၇)ရက် ဆက်ပြီး နေရမှာ ဖြစ်ပါတယ်။” ဟု ၎င်းက ပြောသည်။

 

မော်လမြိုင်မြို့ကနေတဆင့် ပေါင်မြို့နယ်ကို ပြန်လာတဲ့သူတွေ ယနေ့အထိဆိုရင် စတုတ္ထအကြိမ် ပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး စုစုပေါင်း(၂၅၇) ဦး ရှိပြီးလည်း ဖြစ်ပါတယ်။

 

အဲသလို မော်လမြိုင်မြို့က Quarantine စခန်းကနေ ပြန်လာမယ့်သူတွေကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ရေးကော်မတီနဲ့အတူ ကြက်ခြေနီအဖွဲ့တွေ၊ လူမူကူညီရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး Experss ကားတွေနဲ့ သွားရောက်ခေါ်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။

 

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနဲ့ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဇွန်လ ၈ ရက်နေ့မှ စတင်ပြီး ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာမှာ Mask ကို စနစ်တကျလုံခြုံစွာ တပ်ဆင်သွားကြရမှာဖြစ်ပြီး နေအိမ်ပြင်ပထွက်ခွာရာမှာ Mask ကို တပ်ဆင်ခြင်း မရှိပါက  ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့အညီ ဒဏ်ငွေတပ်ရိုက် အရေးယူ ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က ၂၀၂၀ ပြည့်နှစ် မေလ ၃၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

 

ကိုဟိန်း(ပေါင်)