မင်းဘူး ၂၆ မတ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ပြည်ပနိုင်ငံများမှပြန်လာသူများအား COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် နေရာချထားမှုဆောင်ရွက်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မင်းဘူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြည်ပနိုင်ငံများမှ ပြန်လာသူများအား နေရာချထားရေး၊ တည်းခိုနေထိုင်စားသောက်ရေးတို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေက COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်(၅)မြို့နယ်မှ အုပ်ချုပ်ရေးမှူးများက မိမိတို့မြို့နယ်အလိုက် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မင်းဘူးခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား အသေးစိတ်ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးမှ နိုင်ငံခြားမှ ပြန်လည်ရောက်ရှိသူများအား နေရာချထားရေးဉီးစီးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မော်၊ ခရိုင်ဦးစီးမှူး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံသို့ နှာခေါင်းစည်း(၄၀)ခုအား ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ၏ တင်ပြချက်များကို ခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုးမင်းသန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုးဝင်း (မင်းဘူး)


