နေပြည်တော် ဩဂုတ် ၂၂

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် (၂၀၂၂) ခုနှစ်၊ မေလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာဖရိက ဒေသပြင်ပရှိ နိုင်ငံအချို့တွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားမှု (Multi-country outbreak) ရှိနေကြောင်း ထုတ်ပြန်ကြေညာခဲ့စဉ်ကပင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု စောစီးစွာ သိရှိတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဖျားခြင်းနှင့်အနီစက်/ အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း (Fever with Vesicular Rash Surveillance) နှင့် အမျိုးသားကျန်းမာ‌ရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲနမူနာများအား စစ်ဆေးခြင်းလုပ်ငန်းကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ပြည်သူ့ဆေးရုံများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်) ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ဩဂုတ်၁၄ ရက်တွင် သတ်မှတ်ကြေညာခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး) နှင့် ကရင် ပြည်နယ် မြဝတီမြို့ နယ်စပ်ဝင်ထွက်ဂိတ်တွင် လည်ကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မွေတော်ကျွန်း လူဝင်/ လူထွက် စစ်ဆေးရေးကင်းစခန်းတွင်လည်းကောင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ တံတားအမှတ် (၁) နယ်စပ်ဝင်ထွက်ဂိတ်တွင်လည်ကောင်း Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာခြင်း (Mass Thermal Screening)၊ ပြည်ပဆိုက်ရောက်ခရီးသည်များ၏ ကျန်းမာရေးကြေညာချက် (Health Declaration Form) အား ကျန်းမာရေးတာဝန်ရှိသူများမှ စစ်ဆေးခြင်း၊ ခရီးသည်များအား Mpox (မျောက်ကျောက်) ရောဂါနှင့် ပတ်သက်၍ နှိုးဆော်ထားရှိခြင်းအစရှိသော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ Mpox (မျောက်ကျောက်) ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် ပြည်သူလူထုအနေဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးအသိပညာပေးခြင်း၊ နိုင်ငံအတွင်းသို့ ရောဂါကူးစက်ဝင်ရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း၊ ထိန်းချုပ်တုံ့ပြန် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်