နေပြည်တော်  ၇   ဩဂုတ် 

 

ယူအေအီးနိုင်ငံ ဘာရိန်းနိုင်ငံ ပင်လယ်ကွေ့နိုင်ငံများနှင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံနေရသော မြန်မာ နိုင်ငံ သားများအား မြန်မာသံရုံး၊ ရီယာဒ်မြို့၏ စတုတ္ထမြောက် ကယ်ဆယ်ရေးလေယာဉ်၊ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ခေါ်ဆောင်ခဲ့ရာ ပါကစ္စတန်နိုင်ငံ၊ မြန်မာစစ်သံရုံးမှ တပ်မတော်သား (၁၃) ဦး၊ ဘာရိန်းနိုင်ငံမှ  (၂)ဦး၊ ယူအေအီးနိုင်ငံမှ (၁၀၉)ဦး၊ ကူဝိတ်နိုင်ငံမှ (၈)ဦး၊ အီဂျစ်မှ (၁၀)ဦး၊ တူရကီမှ (၅)ဦး၊ ဆိုက်ပရပ်စ်မှ (၂)ဦး၊ ပနားမားမှ (၁) ဦး၊ မော်လဒိုက်မှ (၉)ဦး၊ ဘရာဇီးမှ (၄)ဦး၊ တောင်အာဖရိကမှ (၄)ဦး၊ အီတလီမှ (၂)ဦး၊ အီရန်မှ (၂)ဦး၊ ဆွစ်ဇာလန်မှ (၁)ဦး၊ ယူဂိုဆလားဗီးယားမှ (၁)ဉီး၊ ဂျာမနီမှ (၁)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၇၄)ဦးတို့ လိုက်ပါလာခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံသားများအနေဖြင့် ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။


၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး နှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးကြသည်။ 


ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀,၀၁၄) ဦးအား ကယ်ဆေးရေး လေယာဉ်/အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ 


သတင်းစဉ်