နေပြည်တော် ၁၁ ဇွန် 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား(၁၃၂)ဉီးနှင့် နယူးဇီလန်၊ အင်ဒိုနီးရှား၊ ပါပူးဝါနယူးဂီနီနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့မှ မြန်မာ နိုင်ငံသား (၁၇)ဉီး စုစုပေါင်း (၁၄၉)ဉီးတို့အား စင်ကာပူနိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ် ဆောင်ခဲ့ရာ ယနေ့ညနေ ၄ နာရီ ၄၅ မိနစ် အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြကြောင်း သိရသည်။ 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားစုစုပေါင်း (၃၅၃၄)ဉီးအား မြန်မာနိုင်ငံသို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်ပါသည်။ ၁၈-၆-၂၀၂၀ ရက်နေ့တွင်လည်း စင်ကာပူ နိုင်ငံနှင့်အခြားနိုင်ငံတစ်ချို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား စင်ကာပူ နိုင်ငံ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အဋ္ဌမကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိသည်။

credit#နိုင်ငံခြားရေးဝန်ကြီးဌာန