(၁၄-၁-၂၀၂၁၊ နေပြည်တော်)

 

၁။ နိုင်ငံတကာ ခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်နှင့် အနီးတစ်ဝိုက်ဒေသတွင် အခက်အခဲ ကြုံတွေ့နေရသည့်  မြန်မာသင်္ဘောသား (၂၈)ဦးအား မြန်မာသံရုံး၊ ပါရီမြို့မှ စီစဉ်သည့် Amelia  လေကြောင်းလိုင်း စင်းလုံးငှား အထူး ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၉၀၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

 

၂။ ထို့ပြင် ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၇၉)ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှစီစဉ်သည့် (၁၉)ကြိမ်မြောက် All Nippon Airways လေကြောင်းလိုင်း (ANA)  ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့(၁၇ ၃၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

 

၃။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့် စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။ 

 

၄။ ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများ၊ သင်္ဘောကုမ္ပဏီ များ/ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

 

#Ministry of Foreign Affairs Myanmar