နေပြည်တော်၊ ၂၅ ဇန်နဝါရီ
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသင်္ဘောသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာသင်္ဘောသားများ အလှည့်ကျ ဝန်ထမ်းပြောင်းလဲခြင်း အကူအညီပေးရေးကော်မတီ (CCSC) မှစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၅၅)ဦး၊ ဟောင်ကောင်မှ (၄)ဦး၊ တူရကီမှ (၁)ဦး၊ စပိန်မှ (၁)ဦး၊ ဖိလစ်ပိုင်မှ (၂)ဦး၊ ဘရာဇီးလ်မှ (၇)ဦး၊ စင်ကာပူမှ (၃)ဦး၊ အီဂျစ်မှ(၄)ဦး၊ ဗီယက်နမ်မှ (၁)ဦး၊ မလေးရှားမှ (၂)ဦး၊ ကနေဒါမှ (၁)ဦး၊ ထိုင်းမှ (၁)ဦး၊ ပါကစ္စတန်မှ (၁)ဦးနှင့် အင်ဒိုနီးရှားမှ (၂၉)ဦး၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၁၂)ဦး လိုက်ပါခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့် စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၁၄)ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇)ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီများ/ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။
(သတင်းစဉ်)


