(၁၄-၁၀-၂၀၂၀ ရက်၊ နေပြည်တော်)
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ကိုရီးယားသမ္မတနိုင်ငံတွင် စာချုပ်သက်တမ်း ကျော်လွန်၍ မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသော JSM International Ltd., မှ မြန်မာသင်္ဘောသား (၁၄၅)ဦးအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် ၎င်းတို့ကုမ္ပဏီမှ ပူးပေါင်းစီစဉ်သည့် မြန်မာ အပြည်ပြည် ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀:၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း သိရပါသည်။
ထို့ပြင် အိုမန်၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စုတွင် အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ရီယာဒ်မြို့မှ စီစဉ်သည့် (၁၀) ကြိမ်မြောက် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၁:၀၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ အသီးသီး ပြန်လည် ရောက်ရှိ ခဲ့ကြပါသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ဘာရိန်းမှ (၄)ဦး၊ ကာတာမှ (၇)ဦး၊ အိုမန်မှ (၇)ဦး၊ ယူအေအီးမှ (၈၄)ဦး၊ ဗြိတိန်မှ (၂)ဦး၊ သိရိလင်္ကာမှ (၆)ဦး၊ နော်ဝေမှ (၂)ဦး၊ အီတလီမှ (၃)ဦး၊ တောင်အာဖရိကမှ (၆)ဦး၊ ဩစတြီးယားမှ (၁)ဦး၊ ဘင်္ဂလားဒေ့ရှ်မှ (၁)ဦး၊ ရုရှားမှ (၄)ဦး၊ ပြင်သစ်မှ (၃)ဦး၊ ယူအေအီးနှင့် ကာတာမှ မြန်မာသင်္ဘောသား (၃၅) ဦးအပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၆၅)ဦး လိုက်ပါခဲ့ကြကြောင်း သိရပါသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၇)ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ သင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြား ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာ သံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Crd - Ministry of Foreign Affairs Myanmar


