(၁၁-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် ကိုရီးယားသမ္မတနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရ သည့် မြန်မာသင်္ဘောသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ၁၁-၁၁-၂၀၂၀ ရက်နေ့၊ (၂၁ ၀၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ  ပြန်လည်ရောက်ရှိခဲ့ကြပါသည်။ အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၄၁)ဦး၊ ပနားမားမှ (၁၈)ဦး၊ မက္ကဆီကိုမှ (၃၆)ဦး၊ အင်ဒိုနီးရှားမှ (၆)ဦး၊ စင်ကာပူမှ (၃၉)ဦး၊ တောင်အာဖရိကမှ (၂)ဦး၊ ဗီယက်နမ်မှ (၁)ဦး၊ ဩစတြေးလျမှ (၁)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၄)ဦး လိုက်ပါခဲ့ကြကြောင်း သိရပါသည်။

ထို့ပြင် အိုမန်၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စုတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ကိုင်ရိုမြို့မှ စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ      ၁၁-၁၁-၂၀၂၀ ရက်နေ့၊ (၂၂ ၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ ပါသည်။ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဆော်ဒီအာရေဗျမှ  (၂)ဦး၊ ကာတာမှ (၄)ဦး၊ ယူအေအီးမှ (၉၁)ဦး၊ ဘာရိန်းမှ (၂)ဦး၊ ကူဝိတ်မှ (၁)ဦး၊ ဂျာမနီမှ (၁)ဦး၊ မော်လ်ဒိုက်မှ (၆)ဦး၊ ဘင်္ဂလားဒေ့ရှ်မှ (၁)ဦး၊ အိန္ဒိယမှ (၆)ဦး၊ တန်ဇန်နီးယားမှ (၂)ဦး၊ ပနားမားမှ (၈)ဦး၊ နိုင်ဂျီးရီးယားမှ (၂)ဦး၊ အင်္ဂလန်မှ (၁၀)ဦး၊ ရုရှားမှ (၁)ဦး၊ အီဂျစ်မှ (၉)ဦး၊ ဩစတြေးလျမှ (၃)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၄၉) ဦး လိုက်ပါခဲ့ကြကြောင်း သိရပါသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၇)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြကြောင်း သိရပါသည်။ 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘော သားများနှင့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Crd - Ministry of Foreign Affairs Myanmar