မကွေး ၂၄ ဒီဇင်ဘာ
၂၀၁၈-၂၀၁၉ခုနှစ်တွင် မြန်မာ့ပျားရည် တန်ချိန် ၃၃၀ ကျော်ကို ၁ တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀ဝ) မှ (၃၀ဝ၀)နှုန်းဖြင့် အမေရိကန်နိုင်ငံအပါအဝင် ဂျပန်၊ ကိုရီးယား၊ ကနေဒါ၊ အာဆီယမ်နိုင်ငံများသို့ ဈေးကွက်ထိုးဖောက် တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုင်ငံခြားငွေရရှိခဲ့သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပျားလုပ်ငန်းဌာန၊ တိုင်းဒေသကြီးဦးစီးမှုး ဦးစိုးနိုင်ထံမှ သိရသည်။
“၂၀၁၉-၂၀၂၀ မှာတော့ ကျွန်တော်တို့ မကွေတိုင်း ပျားလုပ်ငန်းဌာနအနေနဲ့ ပြီးခဲ့တဲ့စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလပိုင်းအထိ ပျားရည်ပိသာချိန် ၁၀ဝ၅၀ဝ (တစ်သိန်းငါးရာကျော်)ဆိုတော့ တန်ချိန် ၄၀ လေးဆယ်ကျော်လောက် ရရှိနေပါပြီ။ ပျားလုပ်ငန်းက နှစ်ပတ်လည်လုပ်ငန်းဖြစ်ပါတယ်။ မကွေး၊ ပွင့်ဖြူ၊ စလင်း၊ အောင်လံ၊ မင်းဘူးမြို့နယ် ငါးမြို့နယ်က ဆီးပျားရည်၊ နေကြာပျားရည်၊ နှမ်းပျားရည်၊ အများဆုံးထွက်ပါတယ်။ ဥရောပသမဂ္ဂ EU အီးယူနိုင်ငံများထိ ဈေးကွက်သစ်ပို့နိုင်အောင်၊ ဈေးကွက်ဖော်ဆောင်နိုင်အောင် ကြိုးစားနေပါတယ်။ ပုဂ္ဂလိက ပျားမွေးမြူရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် မြင့်မားရေးကို ဌာနက ဝန်ဆောင်မှုပေးပါတယ်။ သင်တန်းပေးပါတယ်။ ဝတ်မှုံကူးခြင်း အားဖြင့် နှမ်းသီးနှံ၊ နေကြာ၊ ဆီးစတဲ့ စားသုံးသီးပင်များ အထွက်နှုန်းကောင်းစေပါတယ်။” ဟု၎င်းက ရှင်းပြသည်။
ရာသီဥတု မိုးလေဝသ အဆင်ပြေသောကြောင့် ပြီးခဲသည့် မိုးနှမ်းစိုက်ပျိုးရေးရာသီက နှမ်းအရ များခဲ့သလို နှမ်းပျားရည်များ ယမန်နှစ်ကထက် အထွက်တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည် ဟု ပျားမွေးမြူရေး လုပ်သူ ဦးတင်ဝင်းမှပြောသည်။ တစ်ဦးလျှင် အနည်းဆုံးပျားရည် ၂ပေပါမှ ၃ ပေပါအထိ ရကြသည်ဟု ဆိုသည်။
မကွေးတိုင်းဒေသကြီးတွင် ပုဂ္ဂလိကပျားမွေးမြူသူ (၇၂) ဦးရှိပြီး ပျားအုံပေါင်း (၁၁၄၀ဝ) တစ်သောင်း တစ်ထောင့်လေးရာရှိသည်ဟု သိရသည်။ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချသော ပုဂ္ဂလိကကုမ္ပဏီကြီး (၅) ခုမှ တစ်ဆင့်ချိတ်ဆက် ပို့ဆောင်နေခြင်းဖြစ်သည်ဟုသိရသည်။
ပျားမွေးမြူရေးလုပ်ငန်းများကို နှမ်းရာသီချိန်၊ ဆီးပွင့်ချိန်၊ နေကြာစိုက်ချိန်၊ ကန္တာရပင်များမှ ပန်းပွင့်ချိန်၊ တန်ဇောင်းဆူးပွင့်ချိန်၊ ပန်းပေါင်းစုံပွင့်ချိန် တန်ဆောင်မုန်းလ၊ တပေါင်းလ၊ တန်ခူးလ၊ မန်ဂျန်ရှားခေါ် ကျွန်းအစားထိုး သစ်ပင်မှ ပန်းပွင့်ချိန် ပန်းပေါင်းစုံမှရရှိသော ပျားရည်များရရှိစေရန် လုပ်ငန်း နားသည်မရှိ နှစ်ပတ်လည်လုပ်ငန်းအဖြစ် နေရာအနှံ့ မွေးမြူရေးပျားပုံးများ၊ ပျားအုံများချကာ ပျားရည် ထုတ်လုပ်ကြရသည်ဟု တိုင်းဒေသကြီး ပျားမွေးမြူရေးဦးစီးမှုးထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးထွက် မွေးမြူရေး မြန်မာ့ပျားရည်ကို လက်ဆောင်အဖြစ်လည်းကောင်း၊ စားသုံးရန် အတွက်လည်းကောင်း ပြည်တွင်းစားသုံးသူများကလည်း ဝယ်ယူသဖြင့် ပြည်တွင်းဈေကွက် မြင့်တက်လျက်ရှိသည်ဟု သိရသည်။
ပျားရည်ထုတ်လုပ်တဲ့နေရာအရောက် လာဝယ်ရင် ပျားစခန်းဈေးက တစ်ပိသာ ၂၆၀ဝ ကျပ်ဈေးဖြစ်ကြောင်း သိရသည်။
မကွေးပျားဌာနမှ စားသုံသူများအတွက် အာဟာရဖြစ်စေပြီး သက်ရှည်၊ကျန်းမာစေသည်ဟု ပုံမှန်ဝယ်ယူ စားသုံးသူတစ်ဦးဖြစ်သူ ကြာကန်ရွာမှ အသက် ၇၀ ရှိ အဘဦးကြွားက ပြောသည်။ “မွေးမြူရေး ပျားဆိုပေမယ့် ငါးဆယ်ကျပ်သား ပုလင်းတစ်ပုလင်းမှ ၃၀ဝ၀ ကျပ်ပေးရတယ်။ မကွေးပျားမွေးမြူရေး ဌာနက လက်လီရောင်းဈေးဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးမရှိဘူး။ ပျားရည်စစ်တယ်။ သဘာဝ ပျားရည်က အစစ်တစ်ပုလင်း အနည်းဆုံးကျပ် ၁၀ဝ၀ဝ တစ်သောင်းလောက် ဈေးခေါ်ရောင်းကြတယ်။ ပျားရည်စစ်မစစ်က ခွဲခြားရခက်တယ်။” ဟု၎င်းက ဆက်လက်ပြောပြသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘတ်ဂျက်မှ ပျားအုံတစ်အုံ ကျပ် ၁၀ဝ၀ဝ၀ဝ (တစ်သိန်း)နှုန်းဖြင့် ကျပ်သိန်း ၁၅၀၊ ပျားအုံ ၁၅၀ အား ၂၀၁၈-၂၀၁၉ ဘတ်ဂျက်က ပျားအုံဝယ်ယူရန် ပံ့ပိုးပေးနိုင်ခဲ့သည်ဟု တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှုး ဒေါက်တာမောင်မောင်စိုးဦးထံမှ သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးခြင်း၊ ပျားမွေးမြူရေးဌာနမှ ဝန်ဆောင်မှုပေးခြင်း၊ နည်းပညာသင်တန်း ပို့ချပေးခြင်းတို့ကြောင့် မကွေးတိုင်းပုဂ္ဂလိက ပျားမွေးသူများအနေဖြင့် မိရိုးဖလာလုပ်ငန်းဖြစ်သော ဆီထွက်သီးနှံ မြေပဲနှမ်း စိုက်ပျိုးရေးလုပ်ငန်းမှ အဓိကဝင်ငွေရရှိသည့်အပြင် ပျားမွေးမြူရေး လုပ်ငန်းမှလည်း မိသားစုတစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြကာ ဝင်ငွေ အခွင့်အလမ်းများ တစ်ဖက်တစ်လမ်းက ရရှိနေသည်ဟု သိရသည်။
မကွေး ဝင်းမောင်


