နေပြည်တော်၊  ၁၈ ဒီဇင်ဘာ 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၈)ဦးအား စင်ကာပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၃၁)ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်း လိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။ 

ထို့ပြင် ထိုင်းနိုင်ငံတွင် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၃၉) ဦးအား ဗန်ကောက်မြို့ မြန်မာသံရုံးမှ စီစဉ်သည့် (၁၃)ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၇)ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇)ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။  

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့်် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်